Home
မြန်မာသတင်း
ခမောက်ကြီးမြို့နယ်၌ တိုက်ပွဲဖြစ်ပြီးနောက် ရွာသား ၃၀ ကျော် ဖမ်းဆီးနှိပ်စက်ခံရ
DVB
·
December 10, 2023
Kamout 101220223

တနင်္ဿာရီတိုင်း၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့နယ်မှာ တိုက်ပွဲဖြစ်ပြီးနောက်  ကျေးရွာတချို့က အရပ်သားပြည်သူ ၃၀ ကျော်ကို ဒီဇင်ဘာ ၈ ရက် ညနေလောက်မှာ စစ်ကောင်စီတပ်က ဖမ်းဆီး ရိုက်နှက်စစ်ဆေးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားခဲ့တဲ့ ဖော့သုတ်ကျေးရွာ ရွာချင်းဆက်နေတဲ့ လမ်းမကြီးပေါ်မှာ စစ်ကောင်စီတပ်က လမ်းသွားလမ်းလာ အရပ်သား ပြည်သူတွေကို ရိုက်နှက်စစ်ဆေးဖမ်းဆီးခဲ့တာလို့ ကျေးရွာသားတဦးက ပြောပါတယ်။

"ဖော့သုတ်ရွာသင်္ချိုင်းရှေ့မှာ ဖမ်းတဲ့တချို့လူတွေကိုကျတော့ ရိုက်နှက်တာတွေရှိတယ်။ တချို့ကလေးတွေဆိုရင် မျက်နှာဖူးရောင် သွားတာတွေရှိတယ်။ ဖော့သုတ်သင်္ချိုင်းရှေ့မှာဖမ်းတဲ့ ကလေးတွေက ရွာသားတွေပါ။ အယောက်သုံးဆယ်ကျော်လောက် ဖမ်းခံထိတယ်။”

ဖော့သုတ်ကျေးရွာသားတွေအပြင် တခြားအနီးဝန်းကျင်ရွာက ဒေသခံပြည်သူတွေပါ ဖြတ်သွားဖြတ်လာလုပ်ရင်းနဲ့ အဖမ်းခံရတာရှိတယ်လို့ဆိုပေမဲ့ အရေအတွက်ကိုတော့ မသိရပါဘူး။

ဖမ်းဆီးခံရတဲ့ အရပ်သားပြည်သူတွေထဲက လူငယ်ပိုင်းတွေမှာ  စစ်ကောင်စီတပ်ရဲ့ အကြမ်းဖက်ရိုက်နှက်စစ်ဆေးခံခဲ့ရပြီး ဖော့သုတ်ရွာအုပ်ချုပ်ရေးမှူးကနေ စစ်တပ်ကို အသနားခံမှ ဖမ်းဆီးထားသူတွေကို ပြန်လွှတ်ပေးလိုက်တယ်လို့ အဆိုပါ ကျေးရွာသားတဦးက ပြောပါတယ်။

"အကုန်လုံးပြန်လွှတ်ခိုင်းပြီ။ ရွာအုပ်ချုပ်ရေးမှူးကနေ အသနားခံပြီးတော့မှ ပြန်လွှတ်လိုက်တာပါ။ အဖမ်းခံရတာ ဖော့သုတ်ရွာဘဲ မဟုတ်ဘူး၊ တခြားရွာတွေ‌ရောပါတယ်။ ရွာချင်းဆက်လမ်းမကြီးမှာ စစ်တာလေ။ တခြားရွာတွေကလူတွေလည်း ပါတာပေါ့။" 

ဒါ့အပြင် ညနေ ၆ နာရီလောက်မှာလည်း မာရမ်းဒေသ ဖော့သုတ်ကျေးရွာနဲ့ အေချမ်းရွာကြားရှိ နန္မနွယ် ချောင်းကူးတံတားထိပ်က ဦးသိန်းကြည်တို့လင်မယားပိုင်တဲ့ ရာဘာခြံရှိ နေအိမ်တလုံးကိုလည်း စစ်တပ်က မီးရှီု့ဖျက်စီးခဲ့တယ်လို့ သိရပါတယ်။

ဒီမတိုင်ခင် မနက် ၁၀ နာရီခွဲတုန်းက မာရမ်းရွာကနေ  စစ်ကြောင်းထိုးထွက်ခွာလာတဲ့ စစ်ကောင်စီတပ်ကို ဖော့သုတ်ရွာအနီးသင်္ချိုင်းနားမှာ ကော့သောင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ကနေ စောင့်ကြိုတိုက်ခိုက်ပြီး ဒုတပ်ကြပ် ၁ ဦးအပါအဝင် ၈ ဦးသေဆုံးခဲ့တာ ဒုတပ်ကြပ်ရဲ့  MA1သေနတ်တလက်ကို သိမ်းဆည်းရမိတယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

တိုက်ပွဲမကြာခဏဖြစ်လေ့ရှိတဲ့ ခမောက်ကြီးမြို့နယ် ရှမ်းကိုးရွာဒေသဘက်မှာ စစ်ကောင်စီတပ်က အရပ်သားတွေကို ဖမ်းဆီးစစ်ဆေးတာတွေ အမြဲပြုလုပ်လေ့ရှိပြီး ငွေနဲ့ပြန်ရွေးခိုင်းတဲ့ ဖြစ်စဥ်တွေလည်း ရှိခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024