ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် ပဲခူးရိုးမ စမ်းဘုတ်ကျေးရွာထိပ်မှာ စစ်ကောင်စီရဲ့ စစ်ဆေးရေးဂိတ်စခန်းကို ဒီဇင်ဘာ ၈ ရက်ည ၈ နာရီလောက်က စီးနင်းတိုက်ခိုက်ခဲ့တယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ဆီကနေ သိရပါတယ်။
အဲဒီ ဂိတ်စခန်းက စစ်ကောင်စီဘက်ကအင်အား ၁၅ ဦးနဲ့ အခိုင်အမာ တပ်စွဲထားတာဖြစ်ပြီး အခုလိုညဘက် အလစ်ငိုက်ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီဘက်က ၃ ယောက်သေသွားတယ်လို့ သာယာဝတီခရိုင် PDF တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ တာဝန်ရှိသူက ပြောပါတယ်။
အဆိုပါ စီးနင်းတိုက်ခိုက်မှုမှာ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်တွေရဲ့ ပစ်ခတ်မှုကြောင့် ရဲတပ်သား ကောင်းမိုးထက် (လ-၂၆၅၇၉၄)နဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးတို့ နေရာတွင် ပွဲချင်းပြီး သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပေမဲ့ ထိခိုက်ကျဆုံး အရေအတွက်ကို သီးခြား အတည်ပြုနိုင်ခြင်းတော့ မရှိပါဘူး။
စစ်ကောင်စီရဲ့ တပ်ဖွဲ့ဘက်က မိုဘိုင်းဖုန်း ၂ လုံး၊ ဓာတ်မီး ၂ လက်၊ ငွေသား ၂၀၀၀၀ ကျပ်၊ သက်သေခံကတ်ပြား ၇ ခုနဲ့ ကျည် ၁၇ တောင့်တို့ကိုပါ သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။
ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ မုန်းမြို့၊ ကော့ပြင်းတပ်စခန်းကိုလည်း ဒီဇင်ဘာ ၇ ရက်၊ နေ့လယ် ၁၂ နာရီလောက်က ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) နဲ့ PDF ပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့ပါတယ်။
စစ်ကောင်စီတပ်အင်အား ၃၀ လောက် အထိုင်ချ တပ်စွဲထားတဲ့ ကော့ပြင်းတပ်စခန်းကို ထိုးစစ်ဆင်တိုက်ခိုက်ချေမှုန်းခဲ့တာမှာ တိုက်ပွဲစတင်တာနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အားလုံး ထွက်ပြေးသွားခဲ့လို့ စခန်းကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသခွဲကနေ သိရပါတယ်။
ကော့ပြင်းတပ်စခန်းကနေ MA-3 (၃) လက်၊ ပစ္စတို ၁ လက်၊ ၆၀ မမ မော်တာ ၁ လက် သိမ်းဆည်းရမိခဲ့ပြီး မဟာမိတ်ပူးပေါင်းတပ်ဖွဲ့ဝင်အားလုံး အထိအခိုက်မရှိခဲ့ဘူးလို့ ထုတ်ပြန်ထားပါတယ်။
အဆိုပါတိုက်ပွဲတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်တော့ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။