မွန်ပြည်နယ်မှာ စက်သုံးဆီစျေးနှုန်းတွေ စံချိန်တင်တက်သွားခဲ့တာကြောင့် အသေးစား လုပ်ငန်းတွေ တွက်ခြေမကိုက်ကြဘဲ အရှုံးနဲ့သာ တွေ့ကြုံနေရတယ်လို့ အသေးစား လုပ်ငန်းလုပ်ကိုင်သူ တွေဆီကနေ သိရပါတယ်။
အသေးစားလုပ်ငန်းလုပ်ကိုင်သူတယောက်က “စက်သုံးဆီက စျေးတွေ ၁ လီတာမှာ ကျပ် ၂၃၀၀ ကနေ ကျပ် ၄၀၀၀ အထိရှိရာက ၁၅၀၀ ကျော်လောက် ထပ်မံတက်သွားတာ။ လျှပ်စစ်မီးလည်း မမှန်၊ မီတာခလည်းစျေးကြီးပြန်ဆိုတော့ ဘယ်လိုမှ အလုပ်ကလုပ်လို့ အဆင်မပြေကြဘူး”လို့ ပြောပါတယ်။
ရေးမြို့မှာနေတဲ့ စတီးသံပန်းလုပ်ကိုင်သူတယောက်ကလည်း “စက်သုံးဆီစျေးကြီးတယ်။ တခါတလေ ဆီဆိုင်က ဂါလန်ပုံးနဲ့ ဝယ်ယူတောင် မရောင်းတာရှိကြသေးတယ်။ လျှပ်စစ်မီးနဲ့ သုံးဖို့ကလည်း မီးက နေ့ခင်းဘက် နေ့ဝက်လောက်ပဲရတာ အလုပ်က အလျင်မမီဘူး”လို့ ပြောပါတယ်။
ဒေါ်လာငွေအခက်ခဲကြောင့် စက်သုံးဆီစျေးတွေ စျေးကွက်မှာမြင့်တက်သွားသလို ပြည်တွင်းမှာ စက်သုံးဆီ လုံလောက်မှုမရှိတာကြောင့် ဆီဆိုင်တွေအများစု အခက်ကြုံရတယ်လို့ ဆီဆိုင်နဲ့နီးစပ်တဲ့သူတွေက ပြောပါတယ်။
စက်သုံးဆီစျေးကြီးတာကြောင့် သယ်ယူပို့ဆောင်ရေးယာဥ်လိုင်းတွေဟာလည်း လက်ရှိ ကားခနှုန်းနဲ့ တွက်ခြေမကိုက်တော့လို့ ရန်ကုန်-မော်လမြိုင်-ရေး ခရီးစဉ်တွေပြေးဆွဲနေကြတဲ့ ခရီးသည်ယာဥ်လိုင်းတွေ အရှုံးနဲ့သာရင်ဆိုင်နေရတယ်လို့ ယာဥ်လိုင်းသမားတွေက ပြောပါတယ်။
မွန်ပြည်နယ်အပြင် နေပြည်တော်၊ ရန်ကုန်နဲ့ မန္တလေး၊ ရှမ်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်စတဲ့ ပြည်နယ်နဲ့တိုင်းတွေအသီးသီးမှာလည်း စက်သုံးဆီစျေးတွေ စံချိန်တင်မြင့်တက် ဆီပြတ်လပ်တာနဲ့ ကြုံနေရပါတယ်။