(က)
အဘစောမူးသာ စစ်ပြန်ကြီးအဘလုံးတုံးတို့နှင့် ရွာ့တောင်ပိုင်းက စိမ်းသရဖူစိမ်း အဘစိမ်းမောင်တို့ အိမ်ဘက်သို့ လိုက်လာခဲ့ရပါလေ၏။ "သတင်းထူးလို့ ဖေကြီးရ" ဟုဆိုသဖြင့် မျက်ခုံးခပ်လှုပ်လှုပ်နှင့် လိုက်ခဲ့ရပြန်တာပါ ခင်ဗျ။
ကြားရသည်ကား အဘစိမ်းမောင်၏တူအရင်းဖြစ်သူ တပ်ကြပ်ကျော်ကြီး CDM လုပ်တယ်ဆိုလား လက်နက်ချသွားတယ်ဆိုလားပါပဲ။ ဘယ်ဟာပဲဖြစ်ဖြစ် မင်္ဂလာရှိတဲ့သတင်းပါပဲခင်ဗျာ။ အဲဒါကို အတိအကျသိချင်လို့ ထွက်လာခဲ့ကြတာ။
"ကြင်စိုး သာ၀ မအလ TV ကနေ ငိုကြီးချက်မနဲ့ " သာလွန်အင်အားနဲ့ ကျနော်တို့ စခန်းတွေကို လာလာတိုက်ကြတော့ စစ်ဗျူဟာအရ အရောင်ပြ ဆုတ်ခွာပေးနေရပါတယ်" ဘာတယ်နဲ့ သောက်ရှက်ကိုမရှိတဲ့ ချာတူးလန် ဦးစီးချုပ်"
"ဟုတ်ပ ဟုတ်ပ . . . . ဟားဟား ဟားဟား ဟားဟား"
" ' တစ်ရွာနဲ့တစ်ယောက် ' ဖြစ်အောင် သူပဲ ရန်မီးမွှေးခဲ့တာလေကွာ၊ အခု တစ်ရွာလုံးက ပြည်သူတစ်ရပ်လုံးက ပြန်ခံပြီးလည်းချကော ' သာလွန်အင်အား ' နဲ့လုပ်တယ် ဘာတယ်ဖြစ်ပြီး မျက်စိပျက်မျက်နှာပျက်နဲ့ ငိုပြနေတာ . . . ဘယ်သူမှ မသနားဘူး "
" ဝါး . . . ဟားဟား ဟားဟား ဟားဟား "
မြေပြင်အခြေအနေကား ကြင်စိုး သာ၀ မအလ၏တပ်များထဲမှ တပ်ရင်းအတော်များများမှာခံ၍ မတိုက်ကြတော့ပဲ EAOs တိုင်းရင်းသားတပ်တွေထံ၊ PDF ပြည်သူ့ကာကွယ်ရေးတပ်တွေထံ လက်နက်ချ အညံ့ခံလာကြပါလေ၏။ နောက်ထပ် အလံဖြူထောင်ကာ ပြည်သူ့ရင်ခွင်သို့ ခိုဝင်ကြလေမည့် တပ်ရင်းတပ်ဖွဲ့များလည်း တန်းစီနေကြောင်း သတင်းကောင်းများစွာ ကြားသိထားရပါလေ၏ ခင်ဗျာ။
သို့ဖြင့် အဘစိမ်းမောင်တို့ အိမ်ခြံဝန်းကျယ်ကြီးအနားသို့ရောက်လာသည့်အခါ အခုနောက်ပိုင်း မအလတို့ TV တွေမှ လွှင့်နေကျ သီချင်းတစ်ပုဒ်ကို ကြားလိုက်ကြရပါလေ၏။
" မည်သူမဆို ကူညီသည်ဖြစ်စေ . . .
မည်သူမဆို မကူညီသည်ဖြစ်စေ . . .
ကိုယ်ထူကိုယ်ထ ကိုယ့်ဘဝအခြေအနေ
ကိုယ့်အားကိုယ်ကိုးမှ ကိုယ်သာအရှင်
ဖြစ်မလေ . . . ဝန် ထမ်း အမ်း ဟမ်း . . .
ရွှင် လန်း အမ်း ဟမ်း . . .
ပန်းတိုင်ကိုအရောက် လျှောက်နိုင်ဖို့လေ
လုလင်ငယ်သွေး အားမာန်မွေးရမလေ။"
ထိုသီချင်းကို မအလအပိုင်စီးထားသည့် TVချန်နယ်တွေမှ နေ့စဉ်လိုလို အမြဲမပြတ်လွှင့်နေတာ ကြာပါပြီ။ မအလကား သူ့ကို ဘယ်သူကမှ အပေါင်းအသင်းမလုပ်တော့သည်ကို သိထားလေပြီဖြစ်၏။ အခုတော့ ပြည်သူလူထုသာမက သူ၏ ဖက်ဆစ်တပ်ထဲမှ အရာရှိ အရာခံ အကြပ် တပ်သားများပါ သူ့ကိုစွန့်ခွာနေကြပြီဖြစ်လေရာ သီချင်းနှင့် အင်မတန်မှ လိုက်ဖက်လှပါပေတော့၏ ခင်ဗျာ။
" အင်း . . . . . "
(ခ)
အဘစိမ်းမောင်တို့အိမ်နားရောက်တော့ အဘစောမူးသာက ရွှင်ပြပြအမူအရာဖြင့် ခုနက ' လုလင်ငယ်သွေး ' သီချင်းသံစဉ်ကိုရုတ်တရက် စာမြှောင်ကပ်ကာ သီဆိုပါလေ တော့၏။
" မည်သူမဆို အလံဖြူ သည်ဖြစ်စေ . . .
မည်သူမဆို CDM သည်ဖြစ်စေ . . . . .
ကိုယ်ထူကိုယ်ထ ကိုယ့်ဘဝအခြေအနေ
ပြည်သူ့အားကို ကိုးမှ ကိုယ်သာအရှင်
ထွက်မလေ . . ဝန် ထမ်း အမ်း ဟမ်း . . .
ရွှင် လန်း အမ်း ဟမ်း . . . . . . . .
ပန်းတိုင်ကိုအရောက် လျှောက်နိုင်ဖို့လေ
ခုပင်တကယ်မနှေး စိတ်မှန်မွေးရမလေ "
" တူ နဲ့ တယ် တူ နဲ့ တယ် တူ နဲ့ တယ့် နဲ့
တူ့ နဲ့ ဗြောင် . . . . . . "
" ဝါး . . . ဟားဟား ဟားဟား ဟားဟား "
အဘစောမူးသာ့အဆိုနဲ့ တပ်ကြပ်ကြီးလုံးတုံး၏ ပါးစပ်ဆိုင်းတို့ကား လိုက်ဖက်လှပါပေလေ၏။ အိမ်အပေါ်ထပ်ပြတင်းပေါက်မှနေ၍ အဘစိမ်းမောင် ခေါင်းထွက်ကြည့်တာ မြင်လိုက်ကြသည့်အခါ အားလုံး ကိုယ်ရှိန်သတ်ပြီး အိမ်ပေါ်သို့တက်ခဲ့ကြပါ၏။
" ဘယ်ကလှည့်လာကြတာတုန်းဟ "
" မင်းဆီကို သက်သက်လာခဲ့ကြတာ "
" အကြောင်းကိစ္စများ ရှိလို့လား မူးသာ "
" အေး . . . ငါတို့ မင့်တူ တပ်ကြပ်ကျော်
ကြီးသတင်း သဲ့သဲ့ကြားမိလို့ဟ၊ အဲဒါ "
" ဟှူး . . . . . . ဝှူး . . . . . . "
အဘစိမ်းမောင်ကား အကြပ်ရိုက်သွားရင် သူလုပ်နေကျအတိုင်း သက်ပြင်းရှည်ကြီးကို ချလိုက်ပါလေရာ အရွှင်အဘတွေမှာဖေကြီးကို အဓိပ္ပါယ်ပါပါ ပြုံးပြကြပါ၏။ ပြီးတော့ အဘစိမ်းမောင်ကို ဆက်မေးကြလေရာ မဖြေချင့်ဖြေချင်နှင့် ဖြေရပါလေ၏။
" ကျော်ကြီးက CDM လုပ်တာမဟုတ်ဘူးကွ၊ ရှေ့တန်းရောက်မှ သူတို့တပ်ရင်းမှူးက ' အလံဖြူ ' ထောင်ကြမယ်ဆိုတော့ သူလည်း လက်နက်မချချင်ပဲ ရောရောင်ပြီး ပါသွားတဲ့သဘောပဲကွ "
" ဟားဟား ဟားဟား ဟားဟား . . . . "
" မင်းတို့က ဘာရယ်ကြတာလဲဟ "
" ငယ်သားတပည့်တွေရဲ့ အသက်နဲ့ ခန္ဓာကိုယ်ကို အလဟဿ အဆုံးအရှုံးမဖြစ်စေအောင် မေတ္တာတရားနဲ့ ဦးဆောင်ပြီး အလံဖြူထောင် အလင်းဝင်ပေးတဲ့ ဒီလိုအထက်အရာရှိနဲ့အတူ ပြည်သူ့ရင်ခွင်ကို ခိုဝင်ခွင့်ရခဲ့ကြရတာ ဘယ်လောက်ကြည်နူးဖို့ကောင်းလဲကွာ "
" အဲသလိုမဟုတ်ပဲ ကြင်စိုး သာ၀ မအလနဲ့ မိသားစုအကျိုးသက်သက်အတွက် မျက်ကန်းတစ္ဆေမကြောက် ဆက်လက်ပြီးကာကွယ်ပေးနေတဲ့ကောင်တွေရဲ့ အခြေအနေနဲ့ဖြစ်ရပ်တွေကို မင်းလည်းမြင်နေတာပဲ "
" အစုလိုက်သေ၊ အပြုံလိုက်သေ၊ အလောင်းတွေဆိုတာ အထပ်ထပ်၊ ခွေးသေ ဝက်သေဆိုတာ ဒါမျိုး၊ မြင်လို့တောင် မကောင်းဘူး "
" ဟှူး . . . . . . ဝှူး. . . . . . "
' လေယာဉ်ပစ်ကူ ' လွှတ်လိုက်ပြီ လွှတ်လိုက်ပြီလို့ လိမ်လိမ်ပြောကြပြီး ကိုယ့်တပ်သားတွေကို သေတွင်းထဲ ဇွတ် ပို့ပို့နေတဲ့ပခုံးပေါ်မှာ အပွင့်ကြီးကြီး အခက်ကြီးကြီးတွေနဲ့ မအလတွေဟာ ဘယ်လိုလူလိမ်တွေ လူညာတွေဆိုတာကို သဘောပေါက်ကြတဲ့စစ်သည်တွေကတော့ ပြည်သူ့ရင်ခွင်
မှာနွေးနွေးထွေးထွေးဖြစ်နေကြပြီကွဟု အဘလုံးတုံးတို့က ပြောကြလေရာ အဘစိမ်းမောင်မှာ ငေးကာ ငေးကာ တွေးနေရှာပါလေ၏။
" ဘာပဲဖြစ်ဖြစ် မင့်တူ တပ်ကြပ်ကျော်ကြီးအတွက် ဂုဏ်ယူတယ်ကွာ "
" ငါတို့ကပဲ ဂုဏ်ယူရမှာမဟုတ်ဘူး၊ တစ်နိုင်ငံလုံးက ဂုဏ်ယူကြမှာ စိမ်းမောင်ရ "
" အင်း . . . အဲ . . . "
' အင်း အဲ ' ဖြစ်နေသည့် အဘစိမ်းမောင်
ကို ပြုံး၍ကြည့်ကြလေပြီး ခဏအတွင်းမှာ စစ်ပြန်တပ်ကြပ်ကြီး အဘလုံးတုံး၏ ဘယ် သံဝါကြီး ထွက်ပေါ်လာပါလေ၏။
" တူ ညီ အစ်ကို အလံဖြူ ကြစေ . . .
တူ ညီ အစ်ကို CDM မှလေ . . .
ပြည်သူလူထု ချစ်မယ့် အခြေအနေ
အဘအားကိုကိုယ်းရင် ကိုယ်သာ မသာ
ဖြစ်မလေ . . . ဆင်ကန်း အမ်း ဟမ်း . . .
မမြင်မစမ်း အမ်း ဟမ်း . . . . . . . .
ပန်းတိုင်ကိုမရောက် ချောက်ကိုကျမလေ
စစ်သည်ရင်သွေး အတွေးမှန်မွေးရမလေ "
(ဂ)
အဘစိမ်းမောင်ကား ငေးနေ၏။ တွေးနေ၏။ သူတို့လို မအလကိုယ်းကွယ်သူတွေဟာ မအလပြောသမျှကို ယုံကြ၏။ အခုလိုမျိုး CDM လုပ်တာတို့ အလံဖြူထောင်ကာ အလင်းဝင်တာတို့ လုပ်သူတွေကား တစ်ယောက်စနှစ်ယောက်စဟုသာ ထင်ထင်နေဆဲပါ။ မအလ၏ ဖက်တစ်တပ်မှာ
အင်အားတောင့်တင်းဆဲဟု အသေယူဆထားပုံပါလေ။
" ကျော်ကြီးတို့လိုကောင်တွေ အလင်းဝင်သွားလည်း ဘာမှ မဖြစ်လောက်ပါဘူးကွာ။ တပ်ထဲမှာ စစ်သည်အင်အား အပြည့်ပဲ "
" ဝါး . . . ဟားဟား ဟားဟား ဟားဟား "
" ဒါ ရယ်စရာလား "
" ဒါ . . . ရယ်စရာပေါ့ စိမ်းမောင်ရ "
" ခုဆိုရင် မအလအာဏာသိမ်းပြီး ၃ နှစ်နီးပါးရှိလာတဲ့အချိန် မအလခါးပိုက်ဆောင်တပ်ထဲမှာ စစ်သည်အင်အား ဘာမှမရှိတော့ဘူး။ မအလမိသားစုကွက်ကွက်လေးအတွက် အသက်ပေးသွားကြရတဲ့ စစ်သည်တွေဟာ ငါးသောင်းနီးပါး ရှိသွားပြီ "
" ဟေ . . . . . "
" တိုက်ပွဲမှာကျကြလို့ လူလျော့တယ်။ CDM လုပ်ကြလို့ လူလျော့တယ်။ အလင်းဝင်ကြလို့
လူလျော့တယ်။ ထွက်ပြေးကြလို့ လူလျော့တယ်ကွာ။ မအလမှာ အင်အားလုံးဝကို ချိနဲ့နေပြီဟ "
" အဲ . . . . . . "
သည်လိုမျိုး အလျင်အမြန်ကို ချိနဲ့ သွားခဲ့ပြီဖြစ်သည့်မအလမှာ ကြံရာမရ စိတ်ရူးပေါက် ရာတွေလုပ်ကာ အင်အားပြန်ဖြည့်နေကြောင်းသိရပါလေ၏။ Non CDM ဝန်ထမ်းတွေကို စစ်သင်တန်းပေးခြင်း၊ တက္ကသိုလ်အရန်တပ်ရင်းတွေမှာ သင်တန်းတက်ဖူးသူတွေကို ပြန် ရှာဖွေ၍ စစ်သင်တန်းပေးခြင်း၊ မီးသတ်တွေကြက်ခြေနီတွေကိုပါ လက်နက်တပ်ဆင်ပေးခြင်းတို့ဖြင့် လိုအပ်နေသောစစ်တပ်အင်အားကို အပူတပြင်း ဖြည့်ဆည်းနေပါလေ၏ တဲ့။
" ဟုတ်ရဲ့လား လုံးတုံးရာ . . . "
" ဟုတ်လိုက်လေ စိမ်းမောင်ရာ . . . အဲသလိုနည်းတွေနဲ့ အင်အားစုဆောင်းလည်း ပြည့် မလာတဲ့အခါ နောက်ထပ်တစ်ဆင့်တက်ပြီး အင်အားစုနေပြန်သကွ "
" ဘယ် . . . ဘယ်လိုမျိုးလဲ "
" မင်းတို့အမြဲကြည့်ရှု အားပေးကြည့်ရှုနေတဲ့မြဝတီသတင်းလိမ်ဌာနမှာပဲ ဇော်မဲလိမ်ဆိုတဲ့ သောက်ရူး ပြူးကြောင်ပြောတာလေကွာ"
" ဘာ . . . ဘာကိုလဲ "
ဗိုလ်ယုတ်ဇော်မဲလိမ်က ပြောပါ၏။ “စစ်တပ်ထဲမှ ထွက်ပြေးကာ ခွင့်မဲ့ပျက်ကွက်ဖြစ်နေသူ စစ်သည်များ တပ်ကိုပြန်လာကြပါ၊ စစ်မှုပြန်လည်ထမ်းဆောင်ပါက လုံးဝအရေးမယူပါ” ဟုဆိုလေ၏။ သို့ပေမဲ့ ဖက်ဆစ်တပ်မှာ မနေချင်တော့လို့ စွန့်ခွာခဲ့သူများကား တပ်အနားသို့ ဘယ်သူမှ ပြန်မသီတော့ပေရာ သည်နည်းကလုံး၀ အလုပ်ဖြစ်ပုံမရပေ။
" ဒီတော့ မအလလည်း အကြံကုန်တဲ့အခါ အိတ်ထဲကဖားတွေပဲ ထုတ်ရိုက်ရတော့တာ
ပေါ့ စိမ်းမောင်ရ "
" ဘယ်လို ဖားတွေတုန်း ဟ "
သို့ဖြင့် ရှင်းပြပါလေ၏။ တပ်ထဲဝင်ခဲ့တဲ့ မတစ်ရာသားတွေထဲကနေ စစ်အကျဉ်းထောင်အသီးသီးနဲ့ အရပ်အကျဉ်းထောင်အသီးသီးမှာ နှစ်ရှည်ထောင်ဒဏ်တွေကျခံနေကြတဲ့ စစ်သားတွေကို ' လွှတ် ' ပေးမယ်၊ ရှိခဲ့တဲ့ရာထူးထက်တစ်ဆင့်တိုးရာထူးတွေ ပေးမယ်၊ စစ်မှုပြန်ထမ်းရမယ်ဟု သိရပါ၏။
သည်လိုဆိုတော့ လူသတ်မှုတွေ၊ မုဒိန်းမှုတွေ၊ ဓားပြမှုတွေနဲ့ ထောင်နှစ်ရှည်ကျနေကြပြီး မျှော် လင့်ချက်မဲ့နေကြတဲ့ အဲသည်ငနာတွေကတော့ သူတို့တပ်တွေကို ပြန်သွားမှာဟု ယူဆကြပါ၏။
" ထောင်ထဲကနေ ရတဲ့နည်းနဲ့ အပြင်ထွက်ချင်နေတဲ့အကောင်တွေအတွက်ကတော့ အခွင့် အလန်းကြီးပေါ့ စိမ်းမောင်ရာ "
" အဲသလို ဘဝဆုံးနေပြီး သေမထူး နေမထူးဖြစ်နေတဲ့ကောင်တွေကိုတော့ သူတို့စုဆောင်း လို့ရလိမ့်မဟ "
ထို ရာဇဝတ်သား ဖက်ဆစ်ပုဂ္ဂိုလ်များကား နံရံလေးဘက်ကြားကနေ အပြင်ကိုပြန်ရောက်ပြီး လက်ထဲသေနတ်ရောက်တာနှင့် ဘယ်လိုတွေများ ရမ်းကားကြမလဲဆိုတာ မတွေးဝံ့ပါ တဲ့။
" ဒီကောင်တွေဟာ ' အာဏာပါးကွက်သား ' တွေ ဖြစ်လာနိုင်တယ်ကွ "
" ' အာဏာပါးကွက်သား ' ဆိုတာ . . . . . "
" ရှေးဘုရင်တွေလက်ထက်က ထောင်တွင်းမှာ ထောင်သားတွေထဲကနေပဲ အကျဉ်းသား တွေကို သတ်ဖြတ်ဖို့အတွက် ' အာဏာပါးကွက်သား ' တွေ ပြန်ခန့်ခဲ့ကြတယ်လေ "
" အင်း . . . . . "
" အခုလည်း ဖက်ဆစ်တပ်အတွက် အခြားနည်းပေါင်းစုံနဲ့ အင်အားဖြည့်တင်းတာ အလုပ်မဖြစ်တဲ့အခါကျတော့ နောက်ဆုံးပိတ်ထောင်ထဲက ဆိုးပေ့မိုက်ပေ့ဆိုတဲ့ အဲသည် ' အာဏာပါးကွက်သားတွေ ' ကို ထုတ်သုံး လာပြီပေါ့ကွာ . . . သတိသာထားကြ "
" ဟှူး. . . . . . . . ဝှူး "
"သတိထားကြဖို့လိုပေမဲ့လည်း သိပ်ပြီးအစိုးရိမ်ကြီးဖို့တော့ မလိုပါဘူးကွာ "
" ဘာဖြစ်လို့လဲ မူးသာရ "
" ဘာဖြစ်လို့လဲဆိုတော့ ကြင်စိုး သာ၀ မအလဟာ ခန္ဓာကိုယ်အနှံ့ သွေးစိမ်းရှင်ရှင် ဒဏ်ရာ ဗရပွနဲ့ အောက်ဆီဂျင်ပိုက်တွေ တန်းလန်း၊ အစာပိုက်တွေတန်းလန်း၊ သွေးပိုက်တွေတန်းလန်း၊ ချေးပိုက်တွေတန်းလန်း၊ ဆီးပိုက်တွေတန်းလန်းနဲ့ ရှုပ်ယှက်ခတ်နေတဲ့ အရေးပေါ်ခန်းထဲက ' လက်လွှတ် ' ရတော့မယ့်လူနာ လို ' အသက်ငင် ' နေပြီမို့ပါတဲ့ဗျား "
" ဝါး . . . ဟားဟား ဟားဟား ဟားဟား "
ဖေကြီး(လေရှီး)