ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ မြို့မစျေးကြီးဆိပ်ကမ်းကို စက်လှေတွေနဲ့ လှေသမ္ဗန်တွေ ဆိုက်ကပ်ခွင့်မရလို့ ပြည်သူတွေ အခက်ခဲဖြစ်နေကြတယ်လို့ မြို့ခံတွေဆီကနေ သိရပါတယ်။
အရင်ရက်တွေကတော့ ဈေးရောင်းတဲ့ လှေတွေ ဈေးဆိပ်ကမ်းမှာကပ်လို့ရပေမဲ့ ဒီဇင်ဘာ ၉ ရက်နေ့ မနက်ပိုင်းကစပြီး စစ်ကောင်စီက ကပ်ခွင့်မပေးတော့တာလို့ ဒေသခံက ပြောပါတယ်။
မြို့မဈေးကြီး ဆိပ်ကမ်းကို စစ်တွေမြို့နယ်နဲ့ ပေါက်တောမြို့နယ်ဘက်က ကျေးရွာတွေမှာရှိတဲ့ ရေလုပ်သားတွေ၊ စိုက်ပျိုးရေးသမားတွေအဓိက မှီခိုနေရတာဖြစ်ပြီး စျေးဆိပ်ကို ဆိုက်ကပ်ခွင့်မ ရတော့တာကြောင့် ဒေသခံတွေ စျေးမရောင်းရလို့ စားဝတ်နေရေး အခက်ခဲဖြစ်နေကြတယ်လို့ဆိုပါတယ်။
စစ်တွေမြို့ဒေသခံတဦးက “မြို့သူမြို့သားတွေအနေနဲ့ စစ်တွေမြို့မစျေကြီးကို အဓိက မှီခိုနေရတာဖြစ်ပြီး စက်လှေတွေ၊ သမ္ဗန်တွေ ဘာတခုမှ ဆိုက်ကပ်ခွင့်မပေးတော့လို့ ငါး၊ ပုဇွန် တွေ လုံးဝ ဝယ်ယူလို့မရတော့ဘူး။ ငါးတပိဿာကို အရင်က ၁၀၀၀၀ ကျပ် လောက်ပဲ ပေးရတာ။ အခု ၂၅၀၀၀ ကျပ်ဖြစ်သွားပြီး ဝယ်လို့လည်း မရတော့ဘူး။ တခြား ဟင်းသီးဟင်းရွက်တွေလည်း ဈေးနှုန်း နှစ်ဆ၊သုံးဆ လောက်မြင့်တက်နေပြီး ဆန်တအိတ်ကို ၁၈၀၀၀၀ ကျပ်အထိဖြစ်သွားပြီ”လို့ ပြောပါတယ်။
ရခိုင်ပြည်နယ်မှာ နိုဝင်ဘာ ၁၃ ရက်က တိုက်ပွဲတွေ တကျော့ပြန်လည်ဖြစ်ပွားပြီးနောက် စစ်တပ်က ကုန်းလမ်း၊ ရေလမ်းတွေ ခရီးသွားလာခွင့် ဖြတ်တောက်ထားလို့ ကုန်စျေးနှုန်းတွေ အဆမတန် မြင့်တက်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။