ဂါဇာကမ်းမြောင်ဒေသမှာ အစ္စရေးနဲ့ ပါလက်စတိုင်း စစ်သွေးကြွအဖွဲ့ ဟားမတ်စ်တို့ကြား စစ်ပွဲကို လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ချက်ချင်း အပစ်အခတ်ရပ်စဲရေးကို တောင်းဆိုထားတဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ အဆိုပြုချက်ကို အမေရိကန်ပြည်ထောင်စုက ဒီဇင်ဘာ ၈ ရက် မှာ ဗီတိုအာဏာနဲ့ ပယ်ချခဲ့ပြီး ဝါရှင်တန်က သူ့ရဲ့မဟာမိတ်ကို သံတမန်နည်းအရ သီးခြား အကာအကွယ်ပေးလိုက်ပါတယ်။
ယူအေအီးက တင်ပြတဲ့ အတိုချုံး ဆုံးဖြတ်ချက်မူကြမ်းရဲ့ စာသားမှာ ဟားမတ်စ်နဲ့ အစ္စရေးတို့ကြား တိုက်ပွဲတွေကို ချက်ချင်းရပ်ဖို့နဲ့ နိုင်ငံတကာလူသားချင်းစာနာမှု ဥပဒေအရ အစ္စရေးနဲ့ ပါလက်စတိုင်း အရပ်သားတွေကို အကာအကွယ်ပေးဖို့အပြင် ဓားစာခံအားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံး ပြန်လွှတ်ပေးဖို့လည်း တောင်းဆိုထားပါတယ်။
အဲဒီဆုံးဖြတ်ချက်ကို တခြားအဖွဲ့ဝင် ၁၃ ဦးက ထောက်ခံမဲပေးခဲ့ပြီး ဗြိတိန်က ကြားနေခဲ့ပါတယ်။
သူ့စာသားထဲမှာ ဟားမတ်စ်ကို ပြစ်တင်ရှုတ်ချထားခြင်း မရှိတာကြောင့် သူ့နိုင်ငံက မဲမပေးခဲ့တာ ဖြစ်ကြောင်း ဗြိတိန်နိုင်ငံဆိုင်ရာ ကုလသမဂ္ဂ သံအမတ်ကြီး ဘာဘရာဝုဒ်ဝဒ်က ပြောကြားခဲ့ပါတယ်။
အဲဒီ မဲခွဲဖို့ တောင်းဆိုချက်ကိုလည်း အာရပ်ဝန်ကြီးတွေနဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကင်တို့အကြား စီစဉ်ထားတဲ့ တွေ့ဆုံမှုပြီးချိန်အထိ နာရီအတော်ကြာ အချိန်စောင့်ဆိုင်းခဲ့ရပါတယ်။
အမေရိကန်နဲ့ အစ္စရေးတို့ကတော့ အပစ်အခတ်ရပ်စဲရေးဟာ ဟားမတ်စ်တွေကိုသာ အကျိုးပြု လိမ့်မယ်လို့ ယူဆကြတာကြောင့် အပစ်အခတ်ရပ်စဲရေး တောင်းဆိုချက်ကို ဆန့်ကျင်ခဲ့ကြတာပါ။
အဲဒီအစား အရပ်သားတွေကို ကာကွယ်ပေးဖို့ တိုက်ပွဲတွေကို ခေတ္တရပ်ထားပြီးတော့ အောက်တိုဘာ ၇ ရက်က အစ္စရေးကနေ ဟားမတ်စ်တွေ ဖမ်းဆီးထားတဲ့ ဓားစာခံတွေကို ပြန်လွှတ်ပေးဖို့ ဝါရှင်တန်က ခွင့်ပြုထားပါတယ်။
Source/Photo - Reuters