အမေရိကန်၊ တောင်ကိုရီးယားနဲ့ ဂျပန်နိုင်ငံတို့ဟာ မြောက်ကိုရီးယားရဲ့ ဆိုက်ဘာနယ်ပယ်မှာ ခြိမ်းခြောက်မှု၊ ဂြိုဟ်တုလွှတ်တင်မှုတွေနဲ့ ခရစ်ပ်တိုငွေကြေးဆိုင်ရာ ချိုးဖောက်မှုတွေကို တုံ့ပြန် လုပ်ဆောင်မယ့် နည်းလမ်းအသစ်တွေကို သဘောတူညီခဲ့ကြကြောင်း အိမ်ဖြူတော် အမျိုးသား လုံခြုံရေးအကြံပေး ဂျိတ်ခ်ဆူလီဗန်က ဒီဇင်ဘာ ၉ ရက်မှာ ပြောပါတယ်။
ပြုံယမ်းဟာ မကြာခင်မှာ ထောက်လှမ်းရေးဂြိုဟ်တုတွေ ထပ်မံလွှတ်တင်ဖို့ စိတ်ပိုင်းဖြတ်ထား ကြောင်း မြောက်ကိုရီးယားအစိုးရပိုင် မီဒီယာကနေ ဒီဇင်ဘာ ၉ ရက်မှာ ထပ်မံပြောဆို ထားတာကြောင့် အမေရိကန်၊ တောင်ကိုရီးယားနဲ့ ဂျပန်နိုင်ငံတို့ရဲ့ အမျိုးသားလုံခြုံရေး အကြံပေးပုဂ္ဂိုလ်တွေဟာ စနေနေ့က ဆိုးလ်မှာ တွေ့ဆုံခဲ့ကြတာ ဖြစ်ပါတယ်။
အမေရိကန် အမျိုးသားလုံခြုံရေးအကြံပေး ဂျိတ်ခ် ဆူလီဗန် က “ဒုံးကျည်သတိပေးချက် အချက်အလက်တွေကို အချိန်နဲ့တပြေးညီ မျှဝေခြင်းအပါအဝင် ၃ နိုင်ငံ ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်လုပ်ဆောင်နေပြီး မြောက်ကိုရီးယားနဲ့ ပတ်သက်တဲ့ ကိစ္စတွေဟာ နိုင်ငံတကာ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို ခြိမ်းခြောက်နေပြီး ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို ကိုယ်စားပြုနေတာကြောင့် မျက်ခြေမပြတ်ကို အနီးကပ် စောင့်ကြည့်နေပါတယ်” လို့လည်း ပြောပါတယ်။
သူ့ရဲ့ ဆိုက်ဘာရာဇ၀တ်မှုနဲ့ ခရစ်ပ်တို ငွေကြေးကိစ္စတွေ၊ ငွေကြေးခဝါချမှုကနေ မဆင်မခြင် အာကာသနဲ့ ပဲ့ထိန်းဒုံးကျည် စမ်းသပ်မှုတွေအထိ မြောက်ကိုရီးယားရဲ့ ခြိမ်းခြောက်မှုတွေကို တန်ပြန်တော့မှာဖြစ်တယ်လို့ ဆိုပါတယ်။
မော်စကိုနဲ့ ပြုံယမ်း နက်ရှိုင်းတဲ့ မိတ်ဖက်ဆက်ဆံရေးကနေ အမှန်တကယ် ပေါ်ပေါက်လာတဲ့ စိန်ခေါ်မှုတွေ အပါအဝင် ၃ နိုင်ငံ ပူးပေါင်းဆောင်ရွက်မယ့် နယ်ပယ်တွေကို ဆွေးနွေးခဲ့ကြပြီး အင်ဒိုပစိဖိတ်မှာရှိတဲ့ မိတ်ဖက်တွေနဲ့ ပိုမိုညှိနှိုင်းပြီး စွမ်းရည်မြှင့်တင်ရေး ကြိုးပမ်းမှုတွေကိုလည်း ကမ်းခြေစောင့်တပ်တွေကြား နက်နက်ရှိုင်းရှိုင်း ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်းအပြင် ထိုင်ဝမ် ရေလက်ကြား တလျှောက် ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးတို့အတွက် ဆက်လက်ရပ်တည်ပြီး အရှေ့နဲ့ တောင်တရုတ်ပင်လယ်မှာ လွတ်လပ်စွာ ရေကြောင်းသွားလာခွင့်နဲ့ ရပ်တည်သွားမှာ ဖြစ်ကြောင်း ဆူလီဗန်က ပြောသွားပါတယ်။
ဂျပန်အမျိုးသားလုံခြုံရေးဆိုင်ရာ အတွင်းရေးမှူးချုပ် တာကဲအို အာကီဘာကလည်း မြောက်ကိုရီးယားကို ပြီးပြည့်စုံတဲ့ နျူကလီးယားကင်းစင်ရေးအတွက် သူ့ရဲ့ရန်ပုံငွေအရင်းအမြစ် ဖြစ်တဲ့ တရားမဝင် ဆိုက်ဘာ လှုပ်ရှားမှုတွေကို ကိုင်တွယ်ဖြေရှင်းဖို့ အားကောင်းကောင်းနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူညီခဲ့ကြောင်း ပြောပါတယ်။
တောင်ကိုးရီးယား အမျိုးသားလုံခြုံရေးအကြံပေး ချိုထယ်ယုံး က တောင်ကိုးရီးယား-အမေရိကန်-ဂျပန် ၃ နိုင်ငံ လုံခြုံရေးအကြံပေးတွေ တွေ့ဆုံပွဲကနေတဆင့် ၃ နိုင်ငံကြား မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုဟာ အလွန်ကျယ်ပြန့်ပြီး နက်နဲကြောင်း အတည်ပြုခဲ့ပါတယ်။
သူတို့ ၃ နိုင်ငံဟာ ယူကရိန်းနဲ့ အရှေ့အလယ်ပိုင်း ကိစ္စရပ်တွေမှာလည်း အကြံဥာဏ်တွေ ဖလှယ်ခဲ့ကြတယ် လို့ ပြောကြားခဲ့ပါတယ်။
Source/Photo - Reuters