ဗင်နီဇွဲလားနိုင်ငံနဲ့ ဂိုင်ယာနာနိုင်ငံတို့ကြား နယ်နိမိတ် တင်းမာမှုတွေ တိုးလာနေချိန်မှာပဲ ဗင်နီဇွဲလား သမ္မတ နီကိုလက်စ်မာဒူရိုဟာ အငြင်းပွားနေတဲ့ အက်ဆက်ကီးဘို နယ်မြေကို ပြသထားတဲ့ ဗင်နီဇွဲလားမြေပုံအသစ်ကို ဒီဇင်ဘာ ၈ ရက်မှာ ထုတ်ဖော်ပြသခဲ့ပါတယ်။
“ဒါကမှ ပြီးပြည့်စုံနေတဲ့ ဗင်နီဇွဲလားမြေပုံဖြစ်ပြီး၊ မွေးရပ်မြေ အဓွန့်ရှည် တည်တံ့ပါစေ” လို့ သမ္မတ မာဒူရိုက ပြောပါတယ်။
ဗုဒ္ဓဟူးနေ့က ဗင်နီဇွဲလားနယ်စပ်အနီး အက်ဆက်ကီးဘို ဧရိယာမှာ စစ်ရဟတ်ယာဉ်တစ်စီး ပျက်ကျခဲ့လို့ လိုက်ပါလာတဲ့ စစ်ဘက်အရာရှိ ၅ ဦး သေဆုံးပြီး တခြားသူ ၂ ဦး လွတ်မြောက်ခဲ့တယ် လို့ ဂိုင်ယာနာ အစိုးရက ပြောကြားခဲ့ပါတယ်။
ဒီရဟတ်ယာဉ် မတော်တဆမှုကို ချက်ချင်းပဲ ဂိုင်ယာနာ မီဒီယာက ရဟတ်ယာဉ်ကို ပစ်ချခဲ့တယ်လို့ စွပ်စွဲခဲ့ကြောင်းနဲ့ ဂိုင်ယာနာစစ်တပ် အကြီးအကဲ ထွက်လာပြီးတော့ မတော်တဆမှု တခုလို့ ပြောခဲ့ကြောင်း မာဒူရိုက ရှင်းလင်းခဲ့ပါတယ်။
သူတို့ဟာ ဗင်နီဇွဲလား ဌာနေတိုင်းရင်းသားတွေ ဗင်နီဇွဲလားအလံ ထူထားတဲ့ အက်ဆက်ကီးဘာ ဂိုင်ယာနာ ဒေသကို ရဟတ်ယာဉ် လာနေပြီ ဆိုပြီး သူတို့ကိုယ်တိုင်ပဲ သတင်းပို့ခဲ့တာ ဖြစ်ကြောင်းနဲ့ ဗင်နီဇွဲလားအလံကို ဖြုတ်ချပြီး သူတို့နိုင်ငံအလံတင်ဖို့ ဆင်းလာကြတာဖြစ်ကြောင်း ပြောပြပါတယ်။
ရေနံပေါကြွယ်ဝတဲ့ အက်ဆက်ကီးဘို ဒေသမှာ နှစ်နိုင်ငံ ကာလကြာရှည် ခိုက်ရန်ဖြစ်ပွားမှုကို အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) က ကြားနာစစ်ဆေးနေတာဖြစ်ပါတယ်။
ဗင်နီဇွဲလားရှိ မဲဆန္ဒရှင်တွေက ICJ ရဲ့ တရားစီရင်ပိုင်ခွင့်ကို ပယ်ချလိုက်ပြီး ပြည်လုံးကျွတ် ဆန္ဒခံယူပွဲမှာ ဗင်နီဇွဲလားနိုင်ငံသစ် ထူထောင်ရေးကို ထောက်ခံကြတဲ့အခါ ဒီသီတင်းပတ်ကုန်မှာ တင်းမာမှုတွေ အရှိန်မြင့်လာတာပါ။
ဂိုင်ယာနာနိုင်ငံက အဲဒီဆန္ဒမဲတွေရဲ့ တရားဝင်မှုကို မေးခွန်းထုတ်ခဲ့ပြီး သူ့ရဲ့လက်နက်ကိုင် တပ်ဖွဲ့ တွေကိုလည်း သတိပေးအဆင့် မြှင့်ထားပါတယ်။
ဒါ့အပြင် ဗင်နီဇွဲလားသမ္မတ နီကိုလက်စ် မာဒူရိုဟာ အက်ဆက်ကီးဘို ရှိ လက်ရှိအနေအထားကို ပြောင်းလဲဖို့ အရေးယူ ဆောင်ရွက်ခြင်းမပြုဘဲ ICJ အမိန့်ကို လျစ်လျူရှုထားတယ် လို့လည်း ဂိုင်ယာနာမှ ပြောကြားခဲ့ပါတယ်။
ကာရာကာ့စ် ရှိ လေ့လာသုံးသပ်သူတွေနဲ့ သတင်းရင်းမြစ်တွေ ကတော့ ဒီဆန္ဒခံယူပွဲဟာ စစ်မှန်တဲ့ စစ်ရေးဆိုင်ရာ အရေးယူလုပ်ဆောင်ချက်ကို ကိုယ်စားပြုရမယ့်အစား ၂၀၂၄ ခုနှစ် ရွေးကောက်ပွဲ မတိုင်ခင် အင်အားပြဖို့နဲ့ အစိုးရရဲ့ထောက်ခံမှုကို တိုင်းတာဖို့ မာဒူရိုရဲ့ကြိုးပမ်းမှု ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
Source/Photo - Reuters