ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်မှာ ကမ်းနီးကမ်းဝေးငါးဖမ်း ရေယာဉ်တွေကို ပင်လယ်ထွက်ခွင့်မ ပြုတော့ဘူးလို့ စစ်ကောင်စီရဲ့အုပ်ချုပ်ရေးက တားမြစ်လိုက်ပါတယ်။
သံတွဲမြို့နယ်၊ သဗြုချိုင်ဆိပ်ကမ်းအခြေစိုက် ကမ်းဝေးငါးဖမ်းရေယာဉ်တွေ ပင်လယ်ပြင်ကို ပုံမှန် ငါးဖမ်းဆီးခွင့်ပြုပေးဖို့ ငါးလုပ်ငန်းဦးစီးဌာနက စစ်ကောင်စီရဲ့ ခရိုင်အုပ်ချုပ်ရေးဆီကို တင်ပြတောင်းခံပြီးနောက် ဒီဇင်ဘာ ၆ ရက်မှာ စာနဲ့ တရားဝင် ပိတ်ပင်လိုက်တာပါ။
လက်ရှိ လုံခြုံရေး အခြေအနေအရ ကမ်းဝေးငါးဖမ်းရေယာဉ်တွေရော၊ ကမ်းနီးငါးဖမ်း ရေယာဉ်တွေပါ ပင်လယ်ပြင်ကိုထွက်ပြီး ငါးဖမ်းခွင့်မပြုဖို့နဲ့ ကမ်းဝေးပင်လယ်ပြင် နယ်နိမိတ်ကို ရောက်နေတဲ့ ကမ်းဝေးငါးဖမ်းရေယာဉ်တွေကို သက်ဆိုင်ရာဒေသတွေကို ပြန်ခိုင်းဖို့၊ ကမ်းနီးငါးဖမ်းယာဉ်တွေလည်း ပင်လယ်သွားခွင့်မပြုကြောင်းကို သက်ဆိုင်ရာ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးတွေနဲ့ လုပ်ငန်းရှင်တွေကို အသိပေးဖို့ စစ်ကောင်စီရဲ့ ခရိုင်အုပ်ချုပ်ရေးနဲ့ ငါးလုပ်ငန်းဦးစီးဌာနတို့က စာတွေ ထုတ်ပြန်ထားကြပါတယ်။
သံတွဲဒေသခံ ကျော့ပိုက်လုပ်ငန်းရှင်တယောက်က "စာက ခုမှထွက်လာတာ။ တကယ်တော့ ပင်လယ်ကို မထွက်ရတာက ရခိုင်ပြည်နယ်ကိုပိတ်ဆို့ပြီး နောက်ရက်ပိုင်းမှာပဲ မထွက်ရတော့တာ။ သူတို့ နေဗီသင်္ဘောတွေက ပင်လယ်ထွက်ဝတွေမှာရော ပင်လယ်ထဲမှာရောရှိနေတာလေ။ ထွက်ခွင့်ရဖို့ တောင်းဆိုမှ စာထုတ်ပြီး တရားဝင်ပိတ်ပစ်တာ" လို့ ပြောပါတယ်။
တကယ်လို့ ငါးဖမ်းခွင့်ရရင်တောင်မှ လက်ရှိမှာ ပြည်မကိုသွားတဲ့ လမ်းကြောင်းတွေအားလုံးကို စစ်တပ်က ပိတ်ထားတာကြောင့် ကုန်တွေပို့ဖို့ မဖြစ်နိုင်သေးဘူးလို့ သူက ဆက်ပြောပါတယ်။
စစ်ကောင်စီတပ်သားတွေ နေရာအနှံ့ကို လှည့်လည်သွားလာနေတာ၊ ပိတ်ဆို့တားဆီးနေတာကြောင့် ချောင်းတွေထဲမှာလည်း ငါးဖမ်းဖို့မလွယ်ဘူးလို့ ဒေသခံတွေက ပြောပါတယ်။
ရခိုင်ပြည်မြောက်ပိုင်းမှာ စစ်ကောင်စီတပ်စခန်းတွေကို အေအေက ဝင်ရောက်တိုက်ခိုက်တဲ့ နေ့မှာပဲ ရခိုင်ပြည်နယ်ရဲ့ အဝင်အထွက်လမ်းအားလုံးကို စစ်ကောင်စီက ပိတ်ဆို့ခဲ့တာပါ။
လက်ရှိ သံတွဲမြို့မှာ လေကြောင်းလမ်းတခုနဲ့ပဲ သွားလာလို့ရပြီး ဈေးနှုန်းကြီးတာကြောင့် ကုန်ပစ္စည်းတွေတင်ဖို့ အဆင်မပြေဘဲ စားသောက်ကုန်နဲ့ အထွေထွေကုန်ဈေးနှုန်း မြင့်တက်နေပြီး ဓာတ်ဆီ ၁ လီတာကို အနည်းဆုံး ၈၀၀၀ ကျပ်ဝန်းကျင်၊ ဆန်ကြမ်း ၁ အိတ်ကို ၁ သိန်းဖြစ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။