ရှမ်းပြည်တောင်ပိုင်းက ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) အခြေပြု ဒေသတွေမှာ ကရင်နီပြည်နယ်ကနေ လာရောက်ခိုလှုံဖို့ အကူအညီတောင်းတဲ့ စစ်ရှောင်ပြည်သူ ၃၀၀၀ လောက်ရှိတယ်လို့ PNLO ဒုဥက္ကဋ္ဌ ခွန်ထွန်းတင်က ပြောပါတယ်။
ကရင်နီပြည်နယ်မှာ ၁၁၁၁ စစ်ဆင်ရေးစတင်ပြီးနောက် တော်လှန်ရေးပူးပေါင်းတပ်တွေအနေနဲ့ ၈၀ ရာခိုင်နှုန်းလောက် ထိန်းချုပ်ထားနိုင်တဲ့ လွိုင်ကော်မြို့မှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေး ပူးပေါင်းတပ်တို့ ပစ်ခတ်တိုက်ခိုက်မှုတွေ ဆက်ဖြစ်ပွားနေပါတယ်။
ဒါ့ကြောင် မြို့ခံပြည်သူတွေဟာ ဘေးလွတ်ရာကို တိမ်းရှောင်ရာမှာ ရှမ်းပြည်နယ် တောင်ပိုင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO ရဲ့ အခြေပြုလှုပ်ရှားနယ်မြေမှာ လည်း လာရောက်ခိုလှုံဖို့ အကူအညီတောင်းတဲ့ စစ်ရှောင် ၃၀၀၀လောက်ရှိ နေတယ်လို့ PNLO ဒုဥက္ကဋ္ဌ ခွန်ထွန်းတင်က ပြောပါတယ်။
PNLO နယ်မြေအတွင်း လာရောက်ခိုလှုံနေကြတဲ့ ကရင်နီပြည်နယ်က စစ်ဘေးရှောင်တွေကို PNLO အဖွဲ့အနေနဲ့ လူသားချင်းစာနာမှုအကူညီပေးသွားမယ်လို့ ထုတ်ပြန်တဲ့အပေါ် ကရင်နီလူအခွင့်ရေးအဖွဲ့ က ကြိုဆိုတယ်လို့ KHRG အဖွဲ့မှ ကိုဗညားခွန်အောင်က ပြောပါတယ်။
ကရင်နီပြည်နယ်မှာ နိုဝင်ဘာ ၁၁ ရက်က စတင်ခဲ့တဲ့ ၁၁၁၁ စစ်ဆင်ရေးရဲ့ ရက်ပေါင်း ၂၀ အတွင်း လွိုင်ကော်မြို့ကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်တာ ၃၅၃ ကြိမ်ပြုလုပ်ခဲ့ပါတယ်။
ကရင်နီပြည်နယ်မှာ နိုဝင်ဘာ ၁၁ ရက်ကနေ ၂၇ ရက်အထိ စစ်ကောင်စီတပ်ရဲ့ တိုက်ခိုက်မှု ကြောင့်သေဆုံးခဲ့တဲ့ ပြည်သူ ၇၆ ယောက်ရှိကာ ၃ သိန်းနီးပါး ကတော့ စစ်ဘေးရှောင်နေရတယ်လို့ ကရင်နီ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးအဖွဲ့ (KHAI) က ထုတ်ပြန် ပါတယ်။
ခွန်ဇော်ဦး