Home
မြန်မာသတင်း
စက်သုံးဆီရှိလျက် မရောင်းသည့် ဆိုင်များကို အရေးယူရန် စစ်ကောင်စီ စီစဉ်နေ
DVB
·
December 9, 2023
579122-Oil-Petro-Shortage-730x365-1

စက်သုံးဆီရှိပေမဲ့ ဆီဖြန့်ဖြူး ရောင်းချပေးခြင်း မရှိတဲ့ အရောင်းဆိုင်တွေကို အရေးယူဆောင်ရွက်ဖို့ ရန်ကုန်တိုင်းအတွင်းက ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့တွေကို စစ်ကောင်စီက ညွှန်ကြားထားပါတယ်။

စစ်ကောင်စီ ရန်ကုန်တိုင်းဒေသကြီး  ဝန်ကြီးချုပ်ရုံးက ဒီဇင်ဘာ ၇ ရက် ရက်စွဲနဲ့ ထုတ်ပြန်တဲ့ စာအရ ခရိုင်အုပ်ချုပ်ရေးအဖွဲ့တွေအနေနဲ့ မြို့နယ်အလိုက် စိစစ်‌ရေး အဖွဲ့တွေ ဖွဲ့စည်းပြီး စက်သုံးဆီ အရောင်းဆိုင်တွေမှာ လောင်စာဆီ သိုလှောင်ထားရှိမှုကို လိုက်လံစစ်ဆေးဖို့လည်း ညွှန်ကြားထားတာ တွေ့ရပါတယ်။

အဲဒီ ညွှန်ကြားစာအရ  မြို့နယ်အလိုက် စိစစ်ရေးအဖွဲ့တွေ ဖွဲ့စည်းရမှာ  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌကို အဖွဲ့ခေါင်းဆောင်အဖြစ် ပါဝင်ဖွဲ့စည်းရမှာဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီး စားသုံးသူရေးရာ ဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေး ဦးစီးဌာနတို့က ကိုယ်စားလှယ် တစ်ဦးစီနဲ့  မြို့နယ်ရဲတပ်ဖွဲ့မှူး၊မြို့နယ်မီးသတ် ဦးစီးမှူးတို့ကို အဖွဲ့ဝင်အဖြစ် ထည့်သွင်းဖွဲ့စည်းရမယ်လို့ သိရပါတယ်။

စစ်ကောင်စီဘက်က ပြည်တွင်းသုံးစွဲမှုအတွက် ဆီအလုံအလောက်ရှိကြောင်းနဲ့  စိုးရိမ်ပြီး လိုအပ်တာထက် ပိုမဝယ်ကြဖို့ သတိပေးစာ ထုတ်ပြန်ထားပေမဲ့ ဒီကနေ့အထိ ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော် အပါအဝင်  နေရာဒေသ အသီးသီးက  ဆီသုံးစွဲသူ‌တွေအနေနဲ့ ဆီရရှိဖို့အတွက် စက်သုံးဆီအရောင်းဆိုင်တွေမှာနေ့ရော ညပါ တန်းစီစောင့်ဆိုင်းပြီး ဝယ်ယူနေကြရပါတယ်။

အရောင်းဆိုင်တွေက အကန့်အသတ်နဲ့သာ ရောင်းချပေးနေ‌ပေမဲ့ ဆီဝယ်ယူသူများတာကြောင့် ဆိုင်တွေမှာ ဆီပြတ်လပ်မှုတွေလည်း ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။

ရန်ကုန်မြို့ခံ တစ်ဦးက "ဒီနေ့ ဆီသွားတန်းစီတာ မရလို့ မနက်‌စောစော ထပြီး တန်းစီရဦးမယ်။ မရရင်တော့ မှောင်ခိုဈေးနဲ့ ဝယ်သုံးရမယ့် အနေအထား ဖြစ်နေပြီ" လို့ ပြောပါတယ်။

စစ်ကောင်စီ ဗဟိုဘဏ်က ဒီဇင်ဘာ ၅ ရက်မှာ ဒေါ်လာ ငွေလဲနှုန်းဆိုင်ရာ မူဝါဒကို ပြင်ဆင် သတ်မှတ်ခဲ့ပြီးနောက် ရန်ကုန်အပါအဝင် ဒေသအသီးသီးမှာ  စက်သုံးဆီပြတ်လပ်မှုနဲ့ ဆီဝယ်ယူရခက်တဲ့ အခြေအနေတွေ ပိုမိုဖြစ်ပေါ်လာခဲ့ပါတယ်။

အမေရိကန် ဒေါ်လာစျေးနှုန်းအပေါ် မူတည်ပြီး စက်သုံးဆီစျေးနှုန်း‌တွေ အတက်အကျ ရှိမှာဖြစ်ကြောင်း နယ်ဆီဆိုင်တွေကို ပုဂ္ဂလိကဆီတင်သွင်းတဲ့ ကုမ္ပဏီ‌တွေက စစ်ကောင်စီက အသိပေး အကြောင်းကြားထားတယ်လို့သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024