Home
ဆောင်းပါး
မဟာသရေစည်သူရဲ့ နောက်ဆုံး စစ်ဓားပြ‌လောင်း သင်တန်းဆင်းပွဲ - DSA အပတ်စဉ် ၆၅
DVB
·
December 9, 2023
DSA_9122023

အများပြည်သူ အလိုမတူမှန်းသိလျက်နဲ့ နိုင်ငံတော်အာဏာကို လက်နက်အားကိုး လုယူခဲ့ပြီး တိုင်းပြည်ကို ဖွတ်ဖွတ်ညက်ညက်ကြေအောင် ဖျက်ဆီးခဲ့ကြတာမို့ နိုင်ငံတနိုင်ငံရဲ့ စစ်တပ်အဆင့်ကနေ စစ်ဓားပြဂိုဏ်းတဂိုဏ်းအဆင့်ကို လျောကျလို့ ပျက်သုဉ်းနေရတဲ့ အာဏာရူး မင်းအောင်လှိုင်ရဲ့ ခါးပိုက်ဆောင်တပ်ဟာ အခုဆို နောက်ဆုံးရက်များကို ရောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

ပြည်သူ့အာဏာကို လုယူခဲ့အပြီး ၃ နှစ်အကြာမှာ တနေ့တခြား ညှိုးချုံးလာတဲ့ တပ်မတော်အမည်ခံ စစ်အဆိပ်ပင်ကြီးဟာ အမြစ်ကစ ပုပ်လာခဲ့တော့ ပင်စည်လည်းခြောက် အခေါက်တွေလည်းကွာ အကိုင်းတွေလည်းပိုးထိုး အရွက်တွေပါ ညှိုးလာခဲ့တာကို အားလုံးမျက်မြင်ပါပဲ။

စစ်အင်အားပြုန်းတီးမှု အလွန်အမင်း ကြီးမားလှတာကို ပြန်လည်အားမဖြည့်နိုင်တဲ့ ဖြစ်ရပ်တွေ ညွှန်ပြနေမှု အမြောက်အမြားထဲမှာ တချိန်တခါကတုန်းက လတ်ဆတ်နေဆဲ အမဲသားအညှီတုံးမှာ ယင်‌ကောင်တွေ ဝိုင်းအုံသလို စည်ကားသိုက်မြိုက်ခဲ့တဲ့ ပြင်ဦးလွင်မြို့က စစ်ဓားပြဂိုဏ်းရဲ့ DSA ဗိုလ်သင်တန်းကျောင်းဟာ အခုတော့ ခြောက်သွေ့နိမ့်ပါးသွားရပြီ ဖြစ်ပါတယ်။

နိုင်ငံကို သူ့ထက်ငါ လုယက်ရမ်းကားမယ့် ဓားပြဗိုလ်အလောင်းအလျာ ပေါက်စတွေကို လေ့ကျင့်မွေးထုတ်ပေးနေတဲ့ ပြည်သူလူထုက ဒေါ်စိန်အေးကျောင်းလို့ လှောင်ပြောင် အမည်သမုဒ်ခံထားရတဲ့ DSA စစ်တက္ကသိုလ်ကြီးကို ၁၉၅၄ ခုနှစ်၊ ဩဂုတ်လ ၁ ရက်နေ့မှာ စတင်တည်ထောင်ခဲ့တာမို့ သက်တမ်းအားဖြင့် နှစ် ၇၀ ထဲကို ဝင်ရောက်လာခဲ့ပါပြီ။

အရင်ကဆို စစ်ဗိုလ်အလုပ်ဟာ ဆရာဝန်၊ အင်ဂျင်နီယာ စတဲ့ တခြား အသက်မွေးဝမ်းကျောင်း အလုပ်တွေထက် အလုပ်အကိုင်နဲ့ ဘဝအာမခံချက်ရှိတဲ့ခေတ်ကနေ တဆင့်ဆိုးယုတ်ပြီး စစ်ဗိုလ်လုပ်ခွင့်ရရင် လာဘ်စားနိုင်တဲ့ခွင်ကောင်း အရပ်ဘက်ရာထူး အကြီးဆုံးနေရာတွေအထိ ပေးအပ်ခဲ့တာမို့ ရာထူးအာဏာ အလွဲသုံးစားလုပ်ပိုင်ခွင့်တွေ ရလာတာကြောင့် အကျင့်ပျက် သိက္ခာမဲ့ လူ့အသိုင်းအဝိုင်းကြားမှာ ရေပန်းအစားဆုံးအလုပ် ဖြစ်လာခဲ့ရပါတယ်။

အဲဒီလို မတရားသဖြင့် ချမ်းသာပိုင်ခွင့် စတဲ့ အခွင့်ထူးခံခွင့်တွေကြောင့် တပြည်လုံးနဲ့ စစ်တိုင်းကြီး ၁၄ တိုင်းကနေ အပြိုင်အဆိုင်လျှောက်ကြတာ သမ္မတရူး မင်းအောင်လှိုင် ၂၀၂၁ ခုနှစ် အာဏာလုမယူခင်ကာလအထိ နှစ်တိုင်းလိုလို တနိုင်ငံလုံးမှာဆိုရင် စစ်တက္ကသိုလ် (DSA) တခုတည်းကို စစ်ဗိုလ်ဖြစ်ဖို့ လျှောက်လွှာတင်သူပေါင်း ၇,၀၀၀ နဲ့ ၈,၀၀၀ ကြားမှာ ရှိပါတယ်။

လက်နက်အားကိုး အာဏာလုယူပြီး လက်နက်မဲ့ ဆန္ဒပြပြည်သူတွေရဲ့ ဦးခေါင်းကို ချိန်ရွယ်လို့ ဦးနှောက်ထွက်ကျအောင် ပစ်ခဲ့တဲ့နှစ် ၂၀၂၁ ခုနှစ်ထဲမှာ ဗိုလ်လောင်းသင်တန်းအပတ်စဥ် ၆၇ အတွက် တက္ကသိုလ်ဝင်တန်းအောင် ဗိုလ်လောင်းအသစ်တွေ ခေါ်ယူခဲ့တဲ့အခါမှာတော့ တနိုင်ငံလုံးက‌နေ လာရောက်လျှောက်ထားသူ ၄၀၀ ကျော်သာ ရှိခဲ့တယ်။ အဲ့ဒီအထဲမှာ မန္တလေးတိုင်းမှ လျှောက်ထားသူ ၂၂ ဦးသာ ရှိခဲ့တယ်လို့ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်ထားတဲ့ အရာရှိတဦးထံမှ သိရပါတယ်။ ဒါဟာ အရေအတွက်အားဖြင့်ဆိုရင် အာဏာမလုခင်နှစ်ကထက် အဆ ၂ဝ ခန့် လျော့ကျခဲ့ရတာ ဖြစ်ပါတယ်။

အခု ဒီ ၂၀၂၃ ခုနှစ်မှာ ဗိုလ်လောင်းသင်တန်းအပတ်စဥ် ၆၉ လျှောက်လွှာတွေထုတ်ယူ၊ တင်သွင်းရမယ့်ရက်ကို ဇူလိုင် ၃၁ ရက်နေ့ နောက်ဆုံးထား တင်းသွင်းရမည်လို့ ထုတ်ပြန်ခဲ့ပေမဲ့လည်း လျှောက်ထားသူမရှိတာမို့ ဩဂုတ်လ ၁၂ ရက်နေ့ထိ ထပ်မံ ရက်တိုးမြှင့်ပြီး ခေါ်ယူခဲ့တာတောင် တနိုင်ငံလုံး အတိုင်းအတာအနေနဲ့ တက်ရောက်သူ ၈၃ ဦးသာရှိကြောင်း တပ်တွင်းသတင်းရင်းမြစ်တွေက ပြောပြခဲ့ကြပါတယ်။

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၂ ရက်နေ့တုန်းကတော့ စစ်ဓားပြ ဗိုလ်လောင်းသင်တန်းအမှတ်စဉ် ၆၄ သင်တန်းဆင်းဂုဏ်ပြု စစ်ရေးပြအခမ်းအနားကို ပြင်ဦးလွင်မြို့၊ စစ်တက္ကသိုလ် စစ်ရေးပြကွင်းမှာ ပြုလုပ်ခဲ့ရာ ဘုရင်ရူးမင်းရူး ရောဂါရင့်နေတာမို့ မရှက်မကြောက် သူ့ကိုယ်သူ မဟာသရေစည်သူဘွဲ့ ပြန်ပေးထားတဲ့ စစ်ဓားပြဂိုဏ်းချုပ် မင်းအောင်လှိုင် တက်ရောက်ပြီး မိန့်ခွန်းပြောကြားခဲ့ရာမှာ အဆီအငေါ်မတဲ့၊ လက်တွေ့မှာ မကိုက်ညီဘဲ စစ်တပ်က ပြည်သူအပေါ် ရက်စက်ကြမ်းကြုတ်စွာ ပြုမူနေတာနဲ့ ဆန့်ကျင်ဘက်တွေကို အရှက်မဲ့စွာ အောက်ပါအတိုင်း ပြောဆိုခဲ့ပါတယ်။

လက်ရုံးရည် နှလုံးရည်နဲ့ ပြည့်စုံတဲ့ အရာရှိကောင်းတွေ မွေးထုတ်ပေးဖို့၊ တပ်မတော်က ချမှတ်ထားတဲ့ ခေါင်းဆောင်မှုအင်္ဂါရပ် ၁၆ ရပ်နဲ့အညီ ကျင့်ကြံကြိုးစားလုပ်ဆောင်ဖို့၊ နိုင်ငံတော်က ချမှတ်ထားတဲ့ ဥပဒေစည်းကမ်းတွေ နိုင်ငံသားတဦးအနေနဲ့ လိုက်နာကြဖို့၊ နိုင်ငံတကာမှာ လက်ခံကျင့်သုံးနေတဲ့ စစ်ပွဲဆိုင်ရာ ဥပဒေသတွေကို သိရှိလိုက်နာကြဖို့၊ တိုင်းရင်းသားပြည်သူ အားလုံးရဲ့ ယုံကြည်ကိုးစားမှုကို ရရှိစေဖို့၊ သစ္စာလေးချက်ကို နေ့စဉ်ရွတ်ဆိုပြီး အဓိဋ္ဌာန်ပြုနေကြသူတွေဖြစ်ဖို့၊ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၀(စ) အရ ဒို့တာဝန်အရေးသုံးပါးနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ဖို့၊ တပ်မတော်အနေနဲ့ နိုင်ငံတော်နဲ့ တိုင်းရင်းသား ပြည်သူလူထု အကျိုးအတွက် ကာကွယ်စောင့်ရှောက်သူ (Guardian) အဖြစ် ယင်းတာဝန်များကို ထမ်းဆောင်သွားဖို့၊ ဥပဒေအထက်တွင် မည်သူမျှမရှိနေစေဖို့ စတာတွေဟာ လူပုံအလယ်မှာ လိမ်ညာမုသားစကားတွေ မြိန်ရေယှက်ရေ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ဒီဆောင်းပါးကို နိဂုံးချုပ်ရရင် ဘုရင်ရူး မင်းရူး စိတ္တဇ မိစ္ဆာကောင် မင်းအောင်လှိုင်နဲ့ နောက်လိုက် အခွင့်ထူးခံ လူမိုက်တအုပ်ရဲ့ ခါးပိုက်ဆောင် စစ်ဓားပြတပ်ဟာ သူတို့အလုပ်မဟုတ်ဘဲ နိုင်ငံတော်အာဏာကို လုယူခဲ့ရာက ပြည်သူတရပ်လုံးရဲ့ရန်ဘက် ဖြစ်သွားပြီးတဲ့နောက် ၃ နှစ်အကြာမှာ ရေသောက်မြစ်ကနေ ကိုင်းဖျား အရွက်ဖျားထိ ပုပ်ပြီး ဆုတ်ယုတ်ညှိုးခြောက်သွားပါပြီ။

ပြည်သူလူထုရဲ့ နွေဦးတော်လှန်ရေး အင်အားစုတွေက စုစည်းညီညွတ် ဇွဲနဘဲကြီးစွာနဲ့ အရပ် ၈ မျက်နှာကနေ ပြင်းထန်စွာ ဝိုင်းဝန်းတိုက်ခိုက်ကြတာမို့ ပြည်သူ့ရင်ခွင်ခိုလှုံ၊ အလင်းဝင်၊ ကျဆုံး၊ ဒဏ်ရာရ၊ လက်နက်ချ၊ အလံဖြူပြ၊ အညံ့ခံ ထွက်ပြေးသူတွေ အတိတ်သမိုင်းမှာ မကြုံဘူးလောက်အောင် များပြားလာတဲ့အပြင် အရှုံးကြီးရှုံးရင်း မကြာခင် ချုပ်ငြိမ်းတော့မယ့် စစ်ဓားပြတပ်ထဲကို မဝင်ရောက်လို့ အသေမခံလို စစ်သား စစ်ဗိုလ် မဖြစ်လိုကြတော့ပါဘူး။ ဒါကြောင့်မို့လို့လည်း ဓားပြတပ်ဟာ အလုပ်ပေးမယ်လို့ လိမ်ညာပြီး စစ်ထဲထည့်၊ ပေါ်တာဆွဲ၊ တပ်ပြေး စစ်ပြေးတွေ ပြန်လက်ခံမယ် ကြေညာလာရတာ ဖြစ်ပါတယ်။

နှစ်ပေါင်း ၇၀ နီးပါး မင်းမူကြီးစိုး သောင်းကျန်းခဲ့တဲ့ ဖရိုဖရဲ ပြိုလဲလာနေချိန်မို့ စစ်ဓားပြတပ်ဟာ ပြုန်တီးအင်အား လိုအပ်ချက်ကို ပြန်လည်မဖြည့်တင်းနိုင်တော့ဘဲ ဆုတ်ယုတ်သထက် ဆုတ်ယုတ်လာပါပြီ။ အခု ဒီနှစ် ဒီဇင်ဘာလဆန်းထဲမှာ လုပ်ရမယ့် ဒေါ်စိန်အေးကျောင်း (DSA) စစ်တက္ကသိုလ်အပတ်စဉ် ၆၅ သင်တန်းဆင်းပွဲကိုတော့ စစ်ဓားပြလောင်း အလွန်နည်းပါး ညှိုးငယ်စွာနဲ့ ပထမဆုံးအဖြစ် ကျင်းပရမှာဖြစ်သလို တက်ရောက်ပြီး မိန့်ခွန်းပြောကြားရမယ့် ရှက်ကြောပြတ် မဟာသရေစည်သူဘွဲ့ ခံယူထားတဲ့ ဘုရင်ရူး မင်းအောင်လှိုင်အတွက်လည်း နောက်ဆုံးတက်ရောက်လို့ မိန့်ခွန်းပြောခွင့်ရမယ့် သမိုင်းဆိုးမှတ်တမ်းဝင် စစ်ဓားပြ‌လောင်းသင်တန်းဆင်းပွဲအဖြစ် ကမ္ပည်းထိုးရစ်မယ်လို့ ယုံကြည်မိပါကြောင်း။

မင်းကောင်းချစ်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024