မက္ကဆီကိုနိုင်ငံအလယ်ပိုင်းမှာ ဒီဇင်ဘာ ၇ ရက် မွန်းလွဲပိုင်းက ပြင်းအား ရစ်ချ်တာစကေး ၅ ဒသမ ၈ အဆင့်ရှိ ငလျင်တခုလှုပ်ခဲ့ကြောင်း မက္ကဆီကိုနိုင်ငံရဲ့ အမျိုးသားငလျင်ဆိုင်ရာ သိပ္ပံဌာနနဲ့ အမေရိကန် ဘူမိစစ်တမ်းဌာန (USGS) တို့က ထုတ်ပြန်ပါတယ်။
USGS အဆိုအရ မက္ကဆီကိုစီးတီးရဲ့တောင်ဘက် အလယ်ပိုင်း ပွေဘလာပြည်နယ်မှာ ငလျင်ဗဟိုချက်ရှိပြီး အနက် ၂၇ မိုင်ကို ဗဟိုပြု လှုပ်ခတ်ခဲ့တာ ဖြစ်ပါတယ်။
ငလျင်ကြောင့် မက္ကဆီကိုစီးတီးရှိ အဆောက်အအုံတွေ လှုပ်ခါသွားခဲ့တာကြောင့် လမ်းမပေါ်ကို လူတွေ စိုးရိမ်တကြီး ပြေးထွက်လာခဲ့ကြပေမဲ့ ပျက်စီးဆုံးရှုံးမှုကို ချက်ချင်း သတင်းထုတ်ပြန်ခြင်း မရှိသေးပါဘူး။
မက္ကဆီကိုစီးတီးတခွင်မှာ နေရာကနေ အမြန်ထွက်ခွာကြဖို့ ငလျင်သတိပေးချက်တွေ ပျံ့နှံ့ခဲ့ပြီး စီးပွားရေးလုပ်ငန်းတွေနဲ့ နေအိမ်တွေက လူတွေ ထွက်ခွာခဲ့ကြပါတယ်။
မြို့တော်အတွင်း ပျက်စီးဆုံးရှုံးမှု ချက်ချင်းသတင်း မရရှိကြောင်း မက္ကဆီကိုစီးတီးမြို့တော်ဝန် မာတီ ဘားထရက်စ်က ဆိုရှယ်မီဒီယာမှာ ရေးသားခဲ့ပြီး ပွေဘလာမှာ ပျက်စီးဆုံးရှုံးမှု သတင်းတွေ မကြားရကြောင်း ပြည်နယ်အုပ်ချုပ်ရေးမှူးရဲ့ ပြောကြားချက်အရ သိရပါတယ်။
Source/Photo - Reuters