၁၀၂၇ စစ်ဆင်ရေးအတွင်း ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့်ဒေသမှာ စစ်ကောင်စီလက်အောက်ခံ အမှတ် (၁၂) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် တပ်မမှူး ဗိုလ်မှူးချုပ်အောင်ဇော်လင်း အသေရမိတယ်လို့ ကိုးကန့်တပ်ဖွဲ့ (MNDAA) က ထုတ်ပြန်လိုက်ပြီး စစ်ကောင်စီကတော့ မဟုတ်မှန်ကြောင်း ငြင်းဆိုပါတယ်။
ကိုးကန့်တပ်ဖွဲ့ ရဲ့ စစ်ဆင်ရေးလှုပ်ရှားနယ်မြေဖြစ်တဲ့ ကိုးကန့်ဒေသမြောက်ပိုင်း မော်ထိုက် ၊ ချုံကန် ၊ကုန်းကြမ်းစတဲ့ နေရာတွေမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေကို မြောက်ပိုင်းညီနောင် မဟာမိတ်သုံးဖွဲ့ သိမ်းပိုက်လိုက်ပြီး နောက်ပိုင်း စစ်ကောင်စီတပ်သားတွေဟာ နေရာအနှံ့ ထွက်ပြေးပုန်းအောင်းနေကြတာလို့ ဆိုပါတယ်။
ဒီဇင်ဘာ ၆ ရက်က ရှောက်ကိုင်အုပ်စုနေရာတကြောမှာ ပုန်းနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀ ကျော်ကို ကိုးကန့်တပ်ဘက်က ပစ်ခတ်ချေမှုန်းခဲ့ရာမှာ စကခ (၁၂) ရဲ့ စကခမှူး ဗိုလ်မှူးချုပ် အောင်ဇော်လင်းလည်း ပါဝင်ကြောင်း ရာထူးတံဆိပ် ယူနီဖောင်းနဲ့ တကွ ကိုးကန့်အဖွဲ့က ထုတ်ပြန်ထားတာပါ။
သေဆုံးသွားတဲ့ ဗိုလ်မှူးချုပ် အောင်ဇော်လင်း ရုပ်အလောင်းကို ပြန်ပို့ပေးဖို့ စစ်ကောင်စီကို ကမ်းလှမ်းခဲ့ပေမဲ့ စစ်ကောင်စီဘက်က အကြောင်းမပြန်ဘူးလို့လည်း ကိုးကန့်တပ်ဘက်က ပြောပါတယ်။
တပ်မမှူး ဗိုလ်မှူးချုပ်အောင်ဇော်လင်း သေဆုံးတယ် ဆိုတာနဲ့ပတ်သက်လို့ စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ မဟုတ်မှန်ကြောင်း ငြင်းဆိုထားပြီး ရှေ့တန်းမှာ စစ်ဆင်ရေးတာဝန်တွေ ထမ်းဆောင်နေတယ်လို့ ထုတ်ပြန်ပြောဆိုထားပါတယ်။
ညီနောင်မဟာမိတ် ၃ ဖွဲ့ရဲ့ ရှမ်းပြည်မြောက်ပိုင်းစစ်ဆင်ရေး ၁ လကျော်အတွင်း စစ်ကောင်စီရဲ့ တပ်စခန်း ၂၀၀ ကျော်ကို သိမ်းယူထားပါတယ်။