ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ်မှာ စစ်ကောင်စီလက်အောက်ခံ ရဲတွေနဲ့ စစ်သားတွေက ယာဉ်အန္တရာယ်ထိန်းသိမ်းရေးအတွက် အကြောင်းပြပြီး ဆိုင်ကယ်တွေကို နေ့တိုင်း စစ်ဆေးနေပြီး ဆိုင်ကယ်ဟွန်းမပါရင်တောင် ဒဏ်ငွေ ကျပ် ၅၀,၀၀၀ မှ ၁၀၀,၀၀၀ အထိ တောင်းယူနေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ဘိုကလေးမြို့နယ်မှာ ဒီဇင်ဘာလ ပထမအပတ်က စတင်လို့ ယာဉ်အန္တရာယ် ထိန်းသိမ်းရေးဆိုပြီး စစ်ကောင်စီလက်အောက်ခံ ရဲတွေ၊ စစ်သားတွေနဲ့ ပြည်သူ့စစ်တွေက နေ့တိုင်း ဆိုင်ကယ်တွေကို ဖမ်းဆီးစစ်ဆေးနေတာပါ။
ဆိုင်ကယ်ဟွန်းမပါရင် ဖမ်းဆီးပြီး ဒဏ်ငွေ ကျပ် ၅၀,၀၀၀ ကနေ ၁ သိန်းထိတောင်းယူနေသလို ဟွန်းပါလာရင်လည်း ခြေနင်းတွေ၊ ဘရိတ်ကြိုးတွေ၊ လီဘာကြိုးတွေ၊ ဘက်မှန်တွေ၊ ဦးထုပ်တွေကို စစ်ဆေးပြီး ဒဏ်ငွေရိုက်နေတယ်လို့ ဒေသခံတဦးက ပြောပါတယ်။
ဘိုကလေးမြို့ခံတဦးက “ဟွန်းမပါရင်ဖမ်းတာ၊ ဖမ်းပြီး ဒဏ်ငွေဆိုပြီး ငါးသောင်း ကနေ တသိန်းအထိတောင်းတာ။ တခါမှ ဒါမျိုးမကြုံဖူးဘူး။ ဟိုရစ် ဒီဟောက်နဲ့ ယာဉ်အန္တရာယ်ထိန်းသိမ်းဖို့လုပ်တာ မဟုတ်ဘူး၊ ပိုက်ဆံလိုချင်လို့ လုပ်တာ။ ဆိုင်ကယ်ဦးထုပ်လောက် စစ်ဆေးရင်တော်သေးတယ်။ ဟွန်းသံမကြားလို့ ဟွန်းဘာလို့ မတီးလည်း မေးတာ ပျက်နေလို့ ပြင်မှာပြောတာတောင် မရဘူး။ မပေးရင် လူပါဖမ်းရလိမ့်မယ် ပြောတာ၊ နီးရာဓား ကြောက်နေရတာကြောင့် ပေးနေရတာပဲ” လို့ ပြောပါတယ်။
ဆိုင်ကယ်တွေ ဖမ်းဆီးရာမှာ တနေရာတည်း ဖမ်းဆီးတာမဟုတ်ဘဲ လမ်းဆုံ၊ လမ်းခွ၊ ရေဆိပ်၊ ကားဂိတ်၊ ဈေးထိပ် စတဲ့ လူစည်ကားတဲ့ နေရာတွေမှာ လှည့်လည် ဖမ်းဆီးနေတာဖြစ်ပြီး ငွေတောင်းတာ မပေးနိုင်ရလည်း ထောင်ချမယ်လို့ ခြိမ်းခြောက်ပြောဆိုတယ်လို့ ဒေသခံတဦးက ပြောပါတယ်။
ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတဦးက“မနေ့က ကမ်းနားလမ်းမှာ ကောင်လေး ၂ ယောက် အဖမ်းခံရတယ်။ လယ်ယာသုံးပစ္စည်း လာဝယ်ရင်း အဖမ်းခံရတာ။ ဆိုင်ကယ်လိုင်စင် မရှိလို့ဆိုပြီး ငါးသိန်းတောင်းတယ်။ အဲ့ကလေးတွေအိမ်က ငွေကြေး အဆင်မပြေကြဘူး။ ပိုက်ဆံမပေးနိုင်ရင် ထောင်အနည်း တ နှစ်ကျခံရမယ်ပြောလို့ ငွေရှာနေကြတယ်” လို့ ပြောပါတယ်။
အဲ့ဒီ ဆိုင်ကယ်ဖမ်းဆီးတဲ့ လုပ်ငန်းတွေကို တချို့နေရာတွေမှာတော့ အရပ်ဝတ်နဲ့သူတွေ၊ စစ်ယူနီဖောင်း ဝတ်ထားသူတွေနဲ့ ပြည်သူ့စစ်တွေပါတဲ့ အဖွဲ့တွေက ဖမ်းဆီးတာဖြစ်ပြီး မနက် ၇ နာရီကနေ ၁၁ နာရီအထိ ၁ ကြိမ် ၊ ၁၂ နာရီကနေ ၄ နာရီအထိ ၁ ကြိမ် ၊ ၅ နာရီကနေ ည ၈ နာရီအထိ ၁ ကြိမ်ဆိုပြီး အချိန်သတ်မှတ်ကာ ဖမ်းဆီးစစ်ဆေးနေတာလို့ သိရပါတယ်။
ကိုယ်တွေ့ကြုံရသူတဦးက “လိုင်စင်မပါလို့ ဖမ်းပြီး ရဲစခန်း တန်းခေါ်သွားတာ။ မနေ့က အဖမ်းခံရတာ။ ငွေ ၅ သိန်းပေးရမယ်ပြောလို့ ညှိတော့ ၃ သိန်းနဲ့ အဆင်ပြေခဲ့တယ်။ ငွေတော့မပေးရသေးဘူး။ ဖမ်းထားတဲ့လူနဲ့လည်း အတွေ့မခံဘူး။ ယူနီဖောင်း ဝတ်ထားသူတွေကော မဝတ်တဲ့သူတွေကော ဖမ်းနေတာ။ စစ်အရောင်နဲ့သူတွေ ဖမ်းတာ” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလကလည်း ဘိုကလေးမြို့နယ်မှာ ရေယာဉ်တွေကို စစ်ဆေးပြီး လိုင်စင်မလုပ်လို့ဆိုကာ ခေါင်းစဉ်တပ်ပြီး ငွေ ၁၅၀,၀၀၀ တောင်းယူခဲ့သေးတယ်လို့ သိရပါတယ်။