ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်ထဲက ရွာတွေမှာ ရွာခံ ပျူစောထီးတွေက ရွာသားတွေကို ပျူစောထီးသင်တန်းတက်ဖို့ လိုက်လံစည်းရုံးနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဝေါမြို့နယ်ဟာ စစ်တောင်းမြစ်ကမ်းဘေးမှာရှိပြီး ရွာပေါင်း ၁၀၀ ကျော်ရှိကာ အဲဒီရွာတွေထဲကမှ ပုဂံရွာ၊ ပေါက်ကန်းရွာ၊ လက်ပန်ရွာ၊ ဒလနွမ်းရွာ၊ ပန်းညိုစုရွာ၊ ကမာကဘန်ရွာ၊ ဘုရားပျိုရွာနဲ့ ဆင်ရွာတွေမှာ ၂၀၂၂ နှစ်လယ်ပိုင်းလောက်ကစလို့ ပျူစောထီးသင်တန်းတက်ဖို့ အဓိက လိုက်လံစည်းရုံးနေတယ်လို့ သိရပါတယ်။
ဒေသခံတဦးက “အဓိက ကတော့ စစ်တောင်းမြစ်ကမ်းဘေးက ရွာတွေကို လိုက်ပြီး စည်းရုံးတာ။ ရွာထဲက ဒလံတွေ၊ အုပ်ချုပ်ရေးမှူးတွေနဲ့ ကြံ့ခိုင်ရေးပါတီဝင်တွေက ရွာသားတွေကို ဖိအားပေးတာ။ ဆင်ရွာကနေလည်း သင်တန်းတက်ဖို့ ၁၃ ယောက် ခေါ်သွားသေးတယ်။ ၆ ယောက်က လမ်းမှာထွက်ပြေးလို့ အခု ဖမ်းဝရမ်းထုတ်ထားတယ်” လို့ ပြောပါတယ်။
ဒါ့အပြင် ရွာသားတွေကို မိမိရပ်ရွာ မိမိကာကွယ်ရမယ်လို့ ပြောဆိုစည်းရုံးတာမျိုးတွေ ပြုလုပ်ပြီး တချို့ ပျူစောထီးသင်တန်းဆင်းတွေက လက်နက်ကိုင်ဆောင်ထားတာတွေလည်း ရှိသေးတယ်လို့ သိရပါတယ်။
ဆက်လက်ပြီး ဒေသခံက “ကမာကဘန်ရွာမှာဆိုရင် လောလောဆယ် လက်နက်ကိုင်ထားတဲ့သူက ၃ ယောက်ရှိတယ်။ အဗျားရွာတွေဘက်မှာဆိုရင် ၇ ယောက်လောက်ရှိတယ်။ ဘုရားပျိုရွာမှာတော့ သင်တန်းဆင်းထားတာ ၁၄ ယောက်လောက်ရှိတယ်။ သူတို့ကတော့ လောလောဆယ် လက်နက်မကိုင်ထားသေးဘူး” လို့ ပြောပါတယ်။
တချို့ရွာတွေမှာ ပျူစောထီးသင်တန်း တက်ရောက်ထားသူတွေကို လစာအနေနဲ့ တလ ကျပ် ၁၈၀,၀၀၀ ပေးတာမျိုးတွေရှိပါတယ်။
ပျူစောထီးသင်တန်း တက်ရောက်ပါက ဆိုင်ကယ်ဝယ်ပေးတာမျိုး၊ ပိုက်ဆံထုတ်ပေးတာမျိုးတွေ လုပ်ပေးမယ်လို့ ကြေညာပြီး လိုက်လံစည်းရုံးတာတွေ ရှိတဲ့အပြင် ပျူစောထီးသင်တန်း တက်ရောက်ဖို့ ငြင်းဆန်တဲ့ ရွာတွေကို စစ်ကောင်စီဘက်က ခြိမ်းခြောက်တာမျိုးတွေလည်း ရှိတယ်လို့ သိရပါတယ်။