ရခိုင်ပြည်နယ်မှာ တကျော့ပြန်တိုက်ပွဲတွေကြောင့် ပိတ်မိနေတဲ့ ဘင်္ဂလားဒေ့ရှ်ဘက်ကို တင်ပို့မယ့် ကုန်စည်တန်ချိန် ၅၀၀ လောက်ကို ဒီဇင်ဘာ ၅ ရက်မှာ တင်ပို့နိုင်ခဲ့တယ်လို့ စစ်တွေနယ်စပ်ကုန်သွယ်ရေးစခန်းက သိရပါတယ်။
စစ်တွေနယ်စပ် ကုန်သွယ်ရေးစခန်း တာဝန်ရှိသူတဦးက "ရခိုင်မှာ တိုက်ပွဲတွေ ပြန်ဖြစ်လို့ လမ်းတွေ ပိတ်လိုက်တဲ့အချိန်မှာ ဘင်္ဂလားကို တင်ပို့မယ့် ကုန်စည်တန်ချိန် ၅၀၀ လောက်က ရန်ကုန်နဲ့ တောင်ကုတ် လမ်းကြားမှာ ပိတ်မိနေခဲ့ကြတာဗျ။ အဲ့ဒီကုန်တွေကို ဘင်္ဂလားကို ပို့နိုင်ဖို့ နယ်လုံအထိ တင်ပြထားတာကြာပြီ။ ဒီဇင်ဘာ ၅ ရက်နေ့မှ တောင်ကုတ်က တဆင့် တင်ပို့လိုက်ရတာ"လို့ ပြောပါတယ်။
ဒီဇင်ဘာ ၅ ရက်မနက်အစောပိုင်းက ကော့ဇ်ဘဇားခရိုင် တက္ကနာဆိပ်ကမ်းဖြစ်တဲ့ ဘင်ဒရော်ဘင်ဆိပ်ကမ်းကို ငါးတန်ချိန် ၁၀၀၊ ကွမ်းသီးတန်ချိန် ၂၅၂ တန်၊ ချင်း (ဂျင်း) တန်ချိန် ၃၀၊ အုန်းသီးတန်ချိန် ၅၅ တန်တို့ကို စက်လှေကြီး ၄ စီးနဲ့ တင်ပို့နိုင်ခဲ့တာ ဖြစ်ပါတယ်။
ကုန်သည်ကြီးတစ်ဦးက "ပိတ်မိနေတဲ့ကုန်တွေကို တင်ပို့ခွင့်ပြုတာပါဗျ။ ကျနော်တို့ ရန်ကုန်က တောင်ကုတ် သင်္ဘောတွေ ဒီနေ့အထိထွက် ခွင့်မရသေးဘူးလေ။ အခုထွက်တဲ့ကုန်တန်ချိန် ၅၀၀ ကျော်ကလည်း တောင်ကုတ်ကနေ ထွက်တာပါ။ စစ်တွေ (န.က.သ)မှာ စာရင်းသွင်းရတာပေါ့။ ရခိုင်နဲ့ ရန်ကုန်ကားလမ်းမဖွင်ဘဲ ဘင်္ဂလားကို ကုန်တင်ပို့ဖို့က ဘယ်လိုမှ မဖြစ်နိုင်ဘူးလေ"လို့ ပြောပါတယ်။
အချိန်ကြန့်ကြာတာကြောင့် ငါးတန်ချိန် ၁၀၀ နဲ့ ချင်း (ဂျင်း) စိမ်းတန်ချိန် ၃၀ ကျော်လောက် လုံးဝပျက်စီးသွားခဲ့ရတယ်လို့ မြန်မာ-ဘင်္ဂလားကုန်သည်တွေထံက သိရပါတယ်။
ဘင်္ဂလား-မြန်မာ ကုန်သွယ်ရေးလုပ်ငန်းတွေ ရပ်ဆိုင်းသွားခဲ့ရတဲ့အတွက် ဘင်္ဂလားဒေ့ရှ်တာ ကာငွေသန်း ၆၀၀ (မြန်မာငွေ သန်းပေါင်းတစ်သောင်းကျော်ခန့်) ဆုံးရှုံး နစ်နာခဲ့ရကြောင်း ဘင်္ဂလားဒေ့ရှ်အစိုးရရဲ့ တရားဝင်ထုတ်ပြန်ချက်အရ သိရပါတယ်။