ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ ဒီဇင်ဘာ ၆ ရက် ညပိုင်းက စစ်ကောင်စီတပ်က တပ်သားတယောက် ထွက်ပြေးသွားလို့ သူ့ရဲ့ဇနီးဖြစ်သူနဲ့ မိသားစုဝင်တွေကို စစ်ကောင်စီတပ်က လာရောက် ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
စစ်တွေမြို့ လမ်းမတော်ရပ်ကွက် ဆတ်ရိုးကျတံတားနားမှာ အသက် ၄၀ ကျော်အရွယ် ဒေါ်ညိုညိုသန်း (ခ)ကာမချေနဲ့ အသက် ၁၀ နှစ်နဲ့ ၄ နှစ်အရွယ် သား ၂ ယောက်ကို ဒီဇင်ဘာ ၆ ရက် ည ၉ နာရီလောက်မှာ စစ်ကောင်စီတပ်သား အင်အား ၄၀ လောက်က လာရောက်ဖမ်းဆီးပြီး စစ်ကားနဲ့ တင်ခေါ်သွားကြတယ်လို့ စစ်တွေမြို့ဒေသခံတယောက်က ပြောပါတယ်။
အဲဒီအမျိုးသမီးရဲ့ ခင်ပွန်းဟာ ထားဝယ်မြို့နယ်အခြေစိုက် စစ်ကောင်စီတပ်ရင်းတခုမှာ တာဝန်ကျနေတဲ့ တပ်သားတယောက်ဖြစ်ပြီး စစ်တပ်ကနေထွက်ပြေးသွားတာကြောင့် ဇနီးဖြစ်သူနဲ့ အရွယ်မရောက်သေးတဲ့သား ၂ ယောက်ကို ဖမ်းဆီးသွားတာလို့ ဆိုပါတယ်။
စစ်ကောင်စီတပ်သားတွေ ဝင်ရောက်ဖမ်းဆီးတဲ့အချိန်မှာလည်း ဒေါ်ညိုညိုသင်းကို သေနတ်ဒင်တွေနဲ့ ရိုက်နှက်နှိပ်စက်ကာ ကားပေါ် ကို အတင်းဆွဲတင်သွားကြတာလို့ ဒေသခံက ပြောပါတယ်။
မြန်မာပြည် အနှံ့အပြားမှာ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ ရဲတပ်ဖွဲ့တွေ ထွက်ပြေးအလင်းဝင်တဲ့သူတွေ များပြားလာနေပြီး စစ်ကောင်စီတပ်ကို အာဏာဖီဆန်ပြီး ပြည်သူ့ရင်ခွင်ခိုလှုံလာတဲ့ စစ်သားနဲ့ ရဲတပ်ဖွဲ့ဝင် အရေအတွက် ၁၄၀၀၀ ကျော်ရှိနေပြီ ဖြစ်ပါတယ်။