ထိုင်းနိုင်ငံ၊ ဘန်ကောက်၊ ခလောင်းတွေမြို့နယ်၊ ဖရခနုန်နယ်မြေထဲမှာ အီရန်နိုင်ငံသား ၁ ဦးက သူ့ချစ်သူ မြန်မာမိန်းကလေး ၁ ဦးထံကနေ တန်ဖိုးကြီးပစ္စည်းနဲ့ နိုင်ငံခြားငွေ စုစုပေါင်း ဘတ် ၂၅ သန်းဖိုး ခိုးယူထွက်ပြေးသွားခဲ့တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
နန်းမွေလှိုင်း ဆိုသူ မြန်မာမိန်းကလေးဟာ လွန်ခဲ့တဲ့ ၅ လလောက်က အသက် ၂၁ နှစ်အရွယ် Mr.Maleki Behnam ဆိုသူ အီရန်နိုင်ငံသား၊ လက်ဝှေ့သမားတဦးနဲ့ တွေ့ဆုံချစ်ကြိုက်ပြီး ဆုခိုဝစ်လမ်း ၅၀ ရှိ ကွန်ဒိုတိုက်ခန်းတခုမှာ အတူနေကြတယ်လို့ ဆိုပါတယ်။
ဒီဇင်ဘာ ၃ ရက် ညပိုင်းမှာ အီရန်နိုင်ငံသားက မိန်းကလေးကို ဒိန်ချဉ်တိုက်ခဲ့လို့ သောက်ပြီး ခဏအကြာ မိန်းကလေးက သတိမေ့သွားပြီး နောက်နေ့ ဒီဇင်ဘာ ၄ ရက် နေ့လယ်လောက်မှ နိုးလာခဲ့ကာ အီရန်သားကို မတွေ့တော့ဘဲ သူမပိုင်ဆိုင်တဲ့ အဖိုးတန်ပစ္စည်းတွေ၊ ငွေတွေပါ ပျောက်ဆုံးသွားတာကြောင့် ဖရခနုန်နယ်မြေရဲစခန်းမှာ လာရောက်တိုင်ကြားခဲ့တယ်လို့ ရဲစခန်းတာဝန်ရှိသူက သတင်းထောက်ကို ပြောပါတယ်။
ပျောက်ဆုံးသွားတဲ့ ပစ္စည်းနဲ့ ငွေတွေမှာ iPhone 13 နဲ့ iPhone 15 အမျိုးအစား ဖုန်း ၂ လုံး၊ Ipad ၁ လုံး၊ ဘတ် ၆ သိန်းတန် ရိုးလက်စ်နာရီ ၁ လုံး၊ မီးခံသေတ္တာထဲနဲ့ ပိုက်ဆံအိတ်ထဲက ထိုင်းဘတ်ငွေ ၄၁၀,၀၀၀၊ အိတ် ၁ လုံး၊ ဘတ်သန်းပေါင်း ၂၀ ကျော်တန်ဖိုးရှိ ဒစ်ဂျစ်တယ်လ် ဒေါ်လာငွေနဲ့ ခရက်ဒစ်ကတ် စတာတွေပါဝင်ပြီး စုစုပေါင်းတန်ဖိုး ဘတ် ၂၅ သန်းခန့် ရှိတယ်လို့ ဆိုပါတယ်။
ရဲတပ်ဖွဲ့က မိန်းကလေးရဲ့ဖုန်းလိုင်းကို လိုက်ဖမ်းရာမှာ ဖရခနုံနယ်မြေ ဖူမိကျစ်ရေ ချောင်းနံဘေးမှာရရှိပြီး အနီးအနား ဆိုင်ကယ် ကယ်ရီသမားတွေကလည်း ၃ ရက် ညက နိုင်ငံခြားသားတယောက် ချောင်းဘေးက အုတ်ခုံမှာ လာထိုင်ပြီး တစုံတရာ ရေထဲပစ်ချတာ တွေ့တယ်လို့ ဆိုပါတယ်။
ကယ်ဆယ်ရေးအဖွဲ့တွေက ချောင်းရေထဲဆင်းပြီးရှာဖွေရာမှာ iphone 15 တလုံးပြန်ရကြောင်း၊ ဖုန်းထဲက အချက်အလက်တွေ ပြန်ထုတ်ယူတာမှာ ဒစ်ဂျစ်တယ်လ်ဒေါ်လာငွေမှာ နိုင်ငံခြားဘဏ် အကောင့်တစ်ခုထဲ လွှဲပြောင်းပြီးဖြစ်တယ်လို့ ဆိုပါတယ်။
လေဆိပ် လ.ဝ.က စစ်ဆေးရေးဂိတ်မှတ်တမ်းတွေအရ အဆိုပါ အီရန်သားဟာ ဒီဇင်ဘာ ၄ ရက် မနက် ၈ နာရီခွဲက ထိုင်းနိုင်ငံကနေ ထွက်ခွာသွားပြီလို့ ဆိုပါတယ်။ ဖရခနုန်နယ်မြေရဲတပ်ဖွဲ့က သူ့ကို ဖမ်းဆီးရမိဖို့အတွက် အင်တာပို နိုင်ငံတကာရဲတပ်ဖွဲ့နဲ့ ချိတ်ဆက်ထားတယ်လို့ ဆိုပါတယ်။
နစ်နာသူ မိန်းကလေးမှာ ဘန်ကောက်ရှိ တက္ကသိုလ်တစ်ခုမှာ ပညာသင်ကြားရင်း တဖက်ကလည်း စားသောက်ဆိုင်လုပ်ငန်းပါ လုပ်ကိုင်နေကြာင်း၊ ပျောက်ဆုံးသွားတဲ့ ငွေတွေဟာ သူ ရင်းနှီးမြှုပ်နှံဖို့အတွက် မိဘတွေက အိမ်ခြံမြေတွေ ရောင်းချပေးခဲ့တာလို့ ဆိုပါတယ်။
ကိုးကား- Thairath / Workpoint / Mono29 News