စစ်တွေအကျဉ်းထောင် အပါအဝင် ရခိုင်ပြည်နယ်က ထောင်တွေမှာ အကျဉ်းကျခံနေရတဲ့ ရဲပြေးနဲ့ စစ်ပြေး အကျဥ်းသားတွေကို စစ်ကောင်စီက စစ်မှုထမ်းဆောင်ခိုင်းဖို့ ပြန်လည် ခေါ်ထုတ်သွားတယ်လို့ အကျဥ်းဦးစီးဌာနကနေ သိရပါတယ်။
ဒီဇင်ဘာ ၇ ရက် ဒီနေ့မနက်က စစ်ကောင်စီတပ်ဖွဲ့တွေ စစ်တွေအကျဉ်းထောင်ကို ဝင်ရောက်လာပြီး အကျဉ်းကျနေကြတဲ့ စစ်ပြေး၊ ရဲပြေး အပါအဝင် အကျဥ်းသား ၁၀၀ ကျော်ကို မျက်နှာဖုံးစွပ်ပြီး ခေါ်ထုတ်သွားခဲ့တယ်လို့ အကျဥ်းထောင်အနီး နေထိုင်တဲ့ မျက်မြင်ဒေသခံတွေက ပြောပါတယ်။
အကျဉ်းဦးစီးဌာနမှ အမည်မဖော်လိုသူတဦးက “အကျဥ်းထောင်တခုက အနည်းဆုံး လူ ၅၀ စီ ပို့ပေးရမယ်။ ထောင်ကျနေကြတဲ့ ရဲနဲ့ စစ်သားတွေကို အဓိကတောင်းထားတာဗျ” လို့ ပြောပါတယ်။
လူအင်အားတောင်းထားတဲ့ အကျဥ်းထောင်တွေထဲမှာ ကျောက်ဖြူအကျဥ်းထောင်၊ စစ်တွေအကျဥ်းထောင်နဲ့ ဘူးသီးတောင်အကျဥ်းထောင်တွေ ပါဝင်တယ်လို့ ဆိုပါတယ်။
စစ်တွေအကျဉ်းထောင်မှာ အကျဉ်းသား အကျဉ်းသူပေါင်း ၆၀၀ ကျော်ရှိတဲ့အထဲ စစ်ပြေး၊ ရဲပြေးနဲ့ ထောင်ကျအကျဥ်းသား ၁၀၀ ကျော်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ခေါ်ဆောင်သွားတာလို့ မျက်မြင်ဒေသခံက ပြောပါတယ်။
ရခိုင်ပြည်နယ်မှာ တကျော့ပြန်တိုက်ပွဲ ပြန်ဖြစ်နေသလို နိုင်ငံတဝန်းမှာ ပြင်းထန် ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အလင်းဝင်တာ၊ သုံ့ပန်းအဖြစ် ဖမ်းဆီးခံရတာနဲ့ ကျဆုံးသူတွေ များလာနေတဲ့အတွက် စစ်သည်အင်အား လိုအပ်ချက် ရှိလာတာကြောင့် တပ်ပြေးတွေ၊ ထောင်ကျ စစ်သားဟောင်းတွေနဲ့ အင်အားဖြည့်ဖို့ ကြိုးစားလာတာ ဖြစ်ပါတယ်။