ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်မှာ ဒီဇင်ဘာ ၆ ရက် မနက်ပိုင်းက စစ်ကောင်စီတပ်သားတွေ သေနတ်နဲ့ပစ်ခတ်ခဲ့လို့ ခရီးသွားပြည်သူတယောက် သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
သေဆုံးခဲ့တဲ့သူက ပေါက်တောမြို့နယ် ဖဒူကျေးရွာက အသက် ၄၂ နှစ်အရွယ် ဦးမောင်ထွန်းလှိုင်ဖြစ်ပြီး မင်းပြားမြို့က ဆွေမျိုးတော်စပ်သူတွေကို စက်လှေနဲ့ သွားခေါ်တဲ့အချိန်မှာ ပစ်ခတ်ခံခဲ့ရကာ ဘယ်ဘက်လက်ဖျံနဲ့ ရင်ဘတ်မှာ သေနတ်ကျည်ဆန် ထိမှန်ပြီး ပွဲချင်းပြီး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
စက်လှေပေါ်မှာ အတူလိုက်ပါလာတဲ့ အမျိုးသမီး ၃ ယောက်နဲ့ ကလေးငယ်တယောက် ကတော့ ဘေးလွတ်ရာ ထွက်ပြေးလွတ်မြောက်ခဲ့ပြီး တောင်မော်ဦးမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေက လက်နက်ငယ်တွေနဲ့ ပစ်ခတ်လို့ အလောင်းယူလို့မရသေးဘူးလို့ ပြောပါတယ်။
ရခိုင်ပြည်နယ်အတွင်းမှာ ရက္ခိုင့်တပ်တော် (အေအေ) နဲ့ စစ်ကောင်စီတပ်တွေ တကျော့ပြန်တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ရမ်းကားပစ်ခတ်ခဲ့လို့ အပြစ်မဲ့ပြည်သူ ၃၀ ကျော်လောက် သေဆုံးကာ ၁၀၀ ကျော် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။