Home
မြန်မာသတင်း
ဖြူးမြို့နယ်တွင် ဦးစီးအရာရှိ ၁ ဦး ပစ်သတ်ခံရ
DVB
·
December 7, 2023
Phyu Tsp_07122023

ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ ငှက်ကြီးသိုက်ကျေးရွာအနီးမှာ လုပ်ငန်းခွင်ကပြန်လာတဲ့ စစ်ကောင်စီလက်အောက်ခံ စီမံကိန်းဦးစီးအရာရှိတယောက် ဒီဇင်ဘာ ၅ ရက် နေ့လယ် ၁ နာရီခွဲက သေနတ်နဲ့ ပစ်ခတ်ခံရပြီး သေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မြို့ချောင်ဆည်စီမံကိန်း တည်ဆောက်ရေးလုပ်ငန်းမှ ဦးစီးအရာရှိ ဦးအောင်ဝင်းဟာ လုပ်ငန်းခွင်ပြီးလို့ နေအိမ်ကိုပြန်လာစဥ် နေအိမ်ရှေ့မှာ အမည်မသိ သေနတ်ကိုင်ဆောင်ထားသူနှစ်ဦးက သေနတ်နဲ့ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။

ဒေသခံတဦးက “ဆိုင်ကယ်နဲ့လာပြီး ပစ်သွားတာ၊ သေနတ်သံငါးချက်လောက် ကြားရတယ်။ ပစ်ခံရတဲ့နေရာမှာပဲ သေသွားတာ။ လုပ်ငန်းခွင်ထဲက လူတချို့ကို စစ်တပ်က စစ်ဆေးနေတယ်” လို့ ပြောပါတယ်။

ဦးစီးအရာရှိ ဦးအောင်ဝင်း ပစ်ခတ်ခံရပြီးနောက် ငှက်ကြီးသိုက်ကျေးရွာနဲ့ အနီးဝန်းကျင် ကျေးရွာတွေက လူငယ်တွေကို စစ်ကောင်စီတပ်က ဖမ်းဆီးမှာနဲ့ ရွာမှာ လာရောက် တပ်စွဲမှာကို စိုးရိမ်နေကြတယ်လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

“ပြီးခဲ့တဲ့လတွေက ရေတွင်းကုန်းရွာမှာ စစ်တပ်က သွားပြီးတပ်စွဲတာ အပြန်အလှန် ပစ်ခတ်မှုတွေဖြစ်ပြီး ရွာသားနှစ်ဦး သေသွားတယ်။ စစ်သားတွေ အခြေချစခန်း လာဆောက်မှာ ရွာကလူတွေက ကြောက်နေတာ။”

ဖြူးမြို့နယ်မှာ နိုဝင်ဘာလမှ ဒီဇင်ဘာ ၅ ရက်အတွင်း ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် ဒေသခံ ၁၀ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013