ဧရာဝတီတိုင်းကနေ ရခိုင်ပြည်နယ်ကိုသွားတဲ့ လမ်းကြောင်းပေါ်ရှိ စစ်ကောင်စီဂိတ်တွေဟာ ဖြတ်သန်းသွားလာတဲ့ အိမ်စီးကားနဲ့ ကုန်တင်ယာဉ်တချို့ကို ငွေကြေးကျပ်သိန်းနဲ့ချီ အဓမ္မ တောင်းခံနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရခိုင်ပြည်နယ်မှာ ရက္ခိုင့်တပ်တော် (အေအေ) နဲ့ စစ်ကောင်စီတပ်တို့ တကျော့ပြန်တိုက်ပွဲတွေ ပြန်ဖြစ်ပြီးတဲ့နောက် စစ်ကောင်စီက နိုဝင်ဘာ ၁၃ ရက်ကစပြီး ရခိုင်ပြည်နယ်ကို ကုန်းလမ်း၊ ရေလမ်း အဝင်အထွက်အားလုံးကို ပိတ်ထားပေမဲ့ ဧရာဝတီတိုင်းမှ ရခိုင်ပြည်နယ်ဘက်သွားတဲ့ လမ်းရှိ စစ်ကောင်စီဂိတ်တွေကတော့ ငွေကြေး မတရားတောင်းခံပြီး ဝင်ခွင့်ပြုနေပါတယ်။
ဧရာဝတီတိုင်း ငါးသိုင်းချောင်း ရေနံ့သာစစ်ဆေးရေးဂိတ်မှ ရခိုင်ပြည်နယ် ဂွမြို့ လမ်းတလျှောက် မှာရှိတဲ့ စစ်ကောင်စီစစ်ဆေးရေးဂိတ် ၇ ဂိတ်ဟာ အိမ်စီးကားနဲ့ ကုန်တင်ယာဉ်တချို့ကို တဂိတ်မှာ တစီးကို ကျပ် ၂ သိန်းမှ ၃ သိန်းအထိ တောင်းကာ သွားလာခွင့် ပေးနေတယ်လို့ ဒေသခံတဦးက ပြောပါတယ်။
“ခရိုနီသူဌေးတချို့ရဲ့ ကားတွေကော သူတို့ပိုင်တဲ့ ကုန်တင်ယာဉ်တွေကော စစ်တပ်ဂိတ်တွေက မသိမသာ လွှတ်ပေးတာရှိတယ်။ ဒါပေမဲ့ တဂိတ်ကို အနည်းဆုံး ၂ သိန်းလောက်တော့ ပေးရတယ်။ အရေးကြီးတဲ့ ပုံမှန်ပြည်သူအိမ်စီးကားတွေနဲ့ ကုန်တင်ယာဉ်တွေဆို တဂိတ်ကို ၃ သိန်းလောက်အထိ တောင်းတယ်။ သူတို့က နည်းမျိုးစုံနဲ့ ရသလို ငွေတောင်းခံနေတာ။”
စစ်ဆေးရေးဂိတ်တွေမှာ စစ်ကောင်စီတပ်သားတွေအပြင် ရဲတွေလည်း ရှိနေပေမဲ့ စစ်ကောင်စီတပ်သားတွေက ရဲတွေကို ငွေကြေးခွဲဝေမပေးတာကြောင့် ရဲတွေက တိုင်တဲ့အတွက် နယ်လုံဝန်ကြီးက လာရောက်စစ်ဆေးပြီး ရခိုင်ကိုဝင်ရောက်မယ့်လမ်းကို ဘယ်သူ့ကိုမှ ဖြတ်သန်းသွားလာခွင့်မပေးဖို့ ညွှန်ကြားခဲ့တယ် နီးစပ်သူတဦးက ပြောပါတယ်။
“သူတို့ အဝေမတည့်တော့ တိုင်တန်းမှုတွေရှိပြီး လမ်းကိုပိတ်ချလိုက်တာ။ ခုထက်ထိ ပိုက်ဆံအများကြီးယူပြီး ခရိုနီကားတွေနဲ့ အိမ်စီးကားတွေ ပေးသွားတာ ရှိနေတုန်းပဲ။ ကုန်ကားတွေတော့ ပေးမသွားတော့ဘူး။ သူတို့ ဧရာဝတီကနေ ရခိုင်သွားတဲ့လမ်းမှာ ဂိတ်အသစ်တွေ သူတို့ ထပ်ဆောက်နေတယ်။”
နိုဝင်ဘာဒုတိယအပတ်က ချောင်းသာ၊ ငွေဆောင်နဲ့ ရွှေသောင်ယံမြို့နယ်ရှိ ရခိုင်နဲ့ ပင်လယ်ချင်း ထိစပ်နေရာတို့မှာ ရခိုင်ကိုသွားတဲ့ ခရီးသည်စက်လှေတချို့ကို စစ်ကောင်စီရေတပ်က ဖမ်းဆီးပြီး ငွေကြေးတောင်းခံခဲ့ပါတယ်။