Home
မြန်မာသတင်း
ဒေါ်လာဈေးထိန်းချုပ်မှု ဖြေလျှော့အပြီး ဒေါ်လာနှင့်ရွှေဈေးတက်
DVB
·
December 6, 2023
Dollar-Gold-2

မြန်မာကျပ်ငွေရဲ့ ဒေါ်လာငွေလဲနှုန်းကို စစ်ကောင်စီဗဟိုဘဏ်က  နှုန်းရှင်အဖြစ် သတ်မှတ်ကြောင်း ကြေညာပြီးနောက် ဒေါ်လာဈေးနဲ့အတူ ရွှေဈေး‌ပါ မြင့်တက်လာတယ်လို့ ရွှေဈေးကွက်အတွင်းက စုံစမ်းသိရှိရပါတယ်။

အမေရိကန်ဒေါ်လာ ငွေဈေးကို စစ်ကောင်စီဗဟိုဘဏ်က သတ်မှတ်မပေးတော့ဘဲ  ဈေးကွက်အတွင်း ဖြစ်ပေါ်နေတဲ့ နှုန်းထားတွေအတိုင်း လွတ်လပ်စွာရောင်းဝယ်ကြဖို့  ဒီဇင်ဘာ ၅  ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်လိုက်ပြီးတဲ့နောက် ပြင်ပ‌ဈေးကွက်မှာ ဒီဇင်ဘာ ၆ ရက် မနက်က ဒေါ်လာဈေးနဲ့အတူ ပြည်တွင်းရွှေ အဖွင့်ဈေးတွေ လှုပ်ခတ်လာတယ်လို့ ရွှေနဲ့ ငွေကြေးဈေးကွက် စောင့်ကြည့်သူတွေက ဆိုပါတယ်။

ရန်ကုန်တိုင်းက ဝါရင့်ရွှေလုပ်ငန်းရှင်တဦးက "ဗဟိုဘဏ်က အဲလို နှုန်းရှင် သတ်မှတ်လိုက်တော့ ဒီနေ့ ဈေးအဖွင့်မှာ ဒေါ်လာဈေးက တက်သွားတယ်။ ဒေါ်လာဈေးတက်တော့ ရွှေဈေးလိုက်တက်သွားပါတယ်" လို့ ပြောပါတယ်။

ပြည်တွင်းရွှေဈေးက ဒီဇင်ဘာ ၅ ရက်နေ့မှာ ၁ ကျပ်သားကို ကျပ် ၃,၆၇၀,၀၀၀ နဲ့ ဈေးပိတ်ခဲ့ပြီး ဒီဇင်ဘာ ၆ ရက် ဈေးကွက်ဖွင့်ချိန်မှာတော့ ၃,၇၅၀,၀၀၀ ဝန်းကျင်အထိ မြင့်တက်လာတယ်လို့ ရွှေဈေးကွက်အတွင်းက သိရပါတယ်။

ရွှေဆိုင်လုပ်ငန်းရှင်တဦးက "ရွှေဈေးအခြေအနေက ဒီလို ရုတ်တရုတ်ဆိုရင်တော့ တက်တယ်။ ပြီးရင်လည်း အခြေအနေတခုခု အပြောင်းအလဲဖြစ်ပြီး ပြန်ကျတာမျိုးလည်း ဖြစ်တတ်တယ်။ အခုချိန်ကတော့ မှန်းရခက်တဲ့ အနေအထားပေါ့" လို့ ပြောပါတယ်။

မြန်မာကျပ်ငွေရဲ့ ဒေါ်လာငွေလဲနှုန်းကလည်း ပြင်ပငွေလဲဈေးကွက်မှာ ဒီဇင်ဘာ ၆ ရက် ညနေက ၁ ဒေါ်လာကို ၃၅၅၀ အထိ မြင့်တက်လာပြီး ဒီဇင်ဘာ ၅ ရက်နေ့ကတော့ ၁ ဒေါ်လာကို ၃၅၀၀ ကျပ်နဲ့ ဈေးပိတ်ခဲ့တာ ဖြစ်ပါတယ်။

စစ်ကောင်စီ ဗဟိုဘဏ်အနေနဲ့ ဗဟိုဘဏ် online trading ငွေလဲနှုန်းကို အရင် ၂၉၂၀ နှုန်းထား သတ်မှတ်ပြီး ထိန်းချုပ်ထားရာကနေ Market rate အတိုင်း ဒီဇင်ဘာ ၅ ရက်နေ့ကစပြီး လွတ်လပ်စွာ ရောင်းဝယ်ခွင့် ပြုလိုက်တာပါ။

အရင်က ပို့ကုန်လုပ်ငန်းရှင်တွေအနေနဲ့ ပို့ကုန်ရငွေ ၅၀ ရာခိုင်နှုန်းကို ဗဟိုဘဏ် ငွေလဲနှုန်း ၂၁၀၀ နဲ့ လဲလှယ်ရပြီး ကျန် ၅၀ ရာခိုင်နှုန်းကို ဗဟိုဘဏ် online trading နှုန်း ၂၉၂၀ ကျပ်နဲ့ မဖြစ်မနေ လဲလှယ်ပေးနေရတဲ့အတွက် ဗဟိုဘဏ်သတ်မှတ်ဈေးနဲ့ market rate ကွာခြားမှုကြောင့် exporter တွေ  နစ်နာမှုရှိခဲ့ပြီး ပြည်ပပို့ကုန် တင်ပို့မူ‌လည်း အားနည်းခဲ့ရပါတယ်။

အခုအခါ ဗဟိုဘဏ်က ဒေါ်လာ ငွေလဲနှုန်းအပေါ် ထိန်းချုပ်ထားတာကို ဖြေလျော့ လိုက်တာကြောင့် export ဈေးကွက် ပြန်လည်အသက်ဝင်လာနိုင်တယ်လို့ သုံးသပ်မူတွေ ရှိနေပါတယ်။

တဖက်မှာလည်း ဗဟိုဘဏ်က သွင်းကုန်တွေအတွက် လိုအပ်တဲ့ ဒေါ်လာငွေကို  ၂၁၀၀ ကျပ်နှုန်းနဲ့ ရောင်းချပေးတော့မှာ မဟုတ်ဘဲ ကုမ္ပဏီ‌တွေအနေနဲ့ လိုအပ်တဲ့ဒေါ်လာကို ဈေးကွက်ပေါက်ဈေးအတိုင်း ဝယ်ကြရတော့မှာဖြစ်တာကြောင့် ဒေါ်လာ ဝယ်လိုအား မြင့်မားလာနိုင်ဖွယ်ရှိပြီး အချိန်ကြာလာတာနဲ့အမျှ ဒေါ်လာ လိုအပ်မှု ပိုများဖွယ်ရှိရာ အဲဒီလို လိုအပ်ချက်များလာတာနဲ့ ဒေါ်လာဈေးတွေ ပိုမိုမြင့်မားလာနိုင်ဖွယ်ရှိတယ်လို့လည်း ငွေကြေးဈေးကွက် စောင့်ကြည့်သူတွေအကြား သုံးသပ်နေကြပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013