ဒေသခံကာကွယ်ရေးတပ်တွေ သိမ်းပိုက်ထားတဲ့ စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ ခါမ်းပါတ်မြို့က ဒေသခံတွေဟာ ဒီဇင်ဘာ ၆ ရက် မနက်ပိုင်းက စတင်ပြီး မြို့တွင်းကနေ ထွက်ပြေး တိမ်းရှောင်နေကြရတယ်လို့ မြို့ခံတွေက ပြောပါတယ်။
အင်အား ၂၀၀ ဝန်းကျင်ပါတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေဟာ ကလေးမြို့နယ် စခန်းကြီး ရဲစခန်းဘက်ကနေ ခါမ်းပါတ်မြို့ဘက်ကို တောလမ်းတွေကနေ ဦးတည် စစ်ကြောင်းထိုးလာရာ မြို့အနီးကို ရောက်ရှိလာတာကြောင့် ထွက်ပြေးတိမ်းရှောင်နေကြတာလို့ ဆိုပါတယ်။
ခါမ်းပါတ်မြို့ ပရဟိတအဖွဲ့ဝင်တဦးက “အခုကတော့ သုံးကြိမ်မြောက် ပြေးနေရတယ်။ စစ်ကြောင်းလာတာဆိုတော့ မြို့ထဲမှာ တိုက်ပွဲဖြစ်မှာစိုးရိမ်လို့ ပြေးကြတာ။ မနက်ကပဲ စပြေးကြတာ။ အိန္ဒိယနယ်စပ်ဘက်ကို ပြေးကြတာများတယ်” လို့ ပြောပါတယ်။
စစ်ဘေးရှောင်အများစုကတော့ အိန္ဒိယနယ်စပ်ဘက်ကို ထွက်ပြေးတိမ်းရှောင်ကြပြီး တချို့ကလည်း နီးစပ်ရာ တောတောင်ထဲမှာ နေထိုင်ကြရကာ စားနပ်ရိက္ခာနဲ့ နေထိုင်စရာ အခက်အခဲတွေ ရှိနေတယ်လို့ ခါမ်းပါတ်မြို့ခံတွေက ပြောကြပါတယ်။
နိုဝင်ဘာ ၇ ရက်က ဒေသခံ ကာကွယ်ရေးပူးပေါင်းတပ်ဘက်က ခါမ်းပါတ်မြို့ကို သိမ်းပိုက်ပြီးတဲ့နောက်မှာ ဒေသခံတွေဟာ ပထမဆုံးအကြိမ် စစ်ဘေး ပြန်လည် တိမ်းရှောင်ကြရတာပါ။
ခါမ်းပါတ်မြို့ဟာ တမူးမြို့ရဲ့ မြို့နယ်ခွဲတခုဖြစ်ပြီး ချင်းတိုင်းရင်းသားတွေ အများဆုံး နေထိုင်ကာ မြို့နေလူဦးရေ ၁ သောင်းခွဲကျော်ရှိပြီး တမူး-ကလေး ကားလမ်းမပေါ်မှာ တည်ရှိပါတယ်။