အာတိတ်ရာသီဥတုက ရုရှားရဲ့ နေရာအနှံ့အပြားကို လွှမ်းခြုံထားလို့ ဒီဇင်ဘာ ၅ ရက်က ဆိုက်ဘေးရီးယားဒေသမှာ အပူချိန်ဟာ ရေခဲမှတ်အောက် အနုတ် ၅၈ ဒီဂရီ စင်တီဂရိတ်အထိ ကျဆင်းသွားပါတယ်။
မော်စကိုမြို့တော် အရှေ့ဘက် မိုင် ၃,၁၀၀ လောက်အကွာမှာရှိတဲ့ ကမ္ဘာ့အအေးဆုံး မြို့တွေထဲက တခုဖြစ်တဲ့ ယေ့စ်ကွတ်စ်ခ်မြို့မှာ အေးခဲနေတဲ့တိမ်တွေ မြူတွေ ဖုံးလွှမ်းနေတာကို ဒရုန်းနဲ့ ရိုက်ကူးထားတဲ့ ဗီဒီယိုဖိုင်ထဲမှာ ပြသထားပါတယ်။
အအေးဓာတ် လွန်ကဲမှုကြောင့် သူ့ကုတ်အင်္ကျီက တောင့်သွားပြီး မိနစ်ပိုင်းအတွင်း ဖုန်းဘက်ထရီ ပြတ်တောက်သွားတယ်လို့ ဧည့်သည်တယောက်က ပြောပါတယ်။ လက်အိတ်နှစ်စုံအပြင် အဝတ်အလွှာတွေလည်း မရှိမဖြစ် လိုအပ်တယ်လို့ ဆိုပါတယ်။
သင့်တော်မှန်ကန်တဲ့ အဝတ်အစားတွေ ဝတ်မထားရင် မိနစ်ပိုင်းအတွင်း အေးခဲသွားလိမ့်မယ်လို့လည်း ပြောပါတယ်။
ဆိုက်ဘေးရီးယား အရှေ့မြောက်ပိုင်းမှာရှိပြီး အိန္ဒိယနိုင်ငံထက် နည်းနည်းပိုသေးတဲ့ ဆာခါသမ္မတနိုင်ငံရဲ့ အစိတ်အပိုင်းတွေမှာ အပူချိန်တွေက ရေခဲမှတ်အောက် အနုတ် ၅၅ ဒီဂရီ စင်တီဂရိတ်အောက်ကို ကျဆင်းသွားပါတယ်။
ဆာခါက အိုင်မျယ်ကွန်ရွာမှာ အင်္ဂါနေ့က အပူချိန်ဟာ ရေခဲမှတ်အောက် အနုတ် ၅၈ စင်တီဂရိတ် ရှိခဲ့တာပါ။
စိုထိုင်းဆနဲ့ လေတိုက်နှုန်းကြောင့် အနုတ် ၆၃ ဒီဂရီ စင်တီဂရိတ်လို ခံစားရလိမ့်မယ်လို့ မိုးလေဝသခန့်မှန်းသူတွေက ပြောပါတယ်။
ယေ့စ်ကွတ်စ်ခ်မြို့စျေးမှာ ငါးတွေကို ထုပ်ပိုးရောင်းချနေကြပြီး ရေခဲသေတ္တာ မလိုဘူးလို့ ရိုက်တာသတင်းဌာနက ထုတ်ပြန်ပါတယ်။ စျေးသည် အမျိုးသမီးတွေကတော့ သားမွေးဦးထုပ်ကြီးတွေကို ဝတ်ထားရတာပါ။
မှန်ကန်ပြီး အရည်အသွေးရှိတဲ့ အဝတ်အစားတွေ ရှိဖို့လိုပြီး အားလုံးအဆင်ပြေသွားမှာပါ။ အဓိကကတော့ သွေးတွေလည်ပတ်နေအောင် လှုပ်ရှားနေဖို့ပဲလို့ ဒေသခံ ပျိုတာက ပြောပါတယ်။
Source/Photo-Reuters