နယူးယော့ခ်မြို့တော်ဝန် အဲရစ်အဒမ်စ်က ပို့ဆောင်ရေးဝန်ထမ်းတွေအတွက် ရည်ရွယ်တဲ့ e-bike လျှပ်စစ်စက်ဘီးဘက်ထရီ အားသွင်းစမ်းသပ်မှု အစီအစဉ်ကို ဒီဇင်ဘာ ၅ ရက်က မိတ်ဆက် ကြေညာခဲ့ပါတယ်။
ရှေ့ပြေးအစီအစဉ်က လာမယ့်နှစ် အစောပိုင်းမှာစပြီး အသက်ဝင်မှာဖြစ်ပြီး ကနဦး ပို့ဆောင်ရေးလုပ်သားတွေကို သူတို့ရဲ့ လစ်သီယမ် အိုင်းယွန်း ဘက်ထရီတွေကို အများသူငါ ကြားမှာ ဘေးကင်းကင်းနဲ့ အားသွင်းနိုင်စေမှာပါ။
ဘက်ထရီလဲတဲ့ ကွန်ရက်တွေနဲ့ လုံခြုံတဲ့ စက်ဘီးရပ်တဲ့ နေရာတွေမှာ နည်းပညာအသစ်တွေကို စမ်းသပ်မှာပါ။
အဒမ်က “လျှပ်စစ်စက်ဘီးတွေက အန္တရာယ်ရှိတဲ့ ဘက်ထရီတွေနဲ့အတူ လူနေအိမ်တွေမှာ အားသွင်းနေတာကို တချိန်ပြီးတချိန် တွေ့နေရတယ်။ ဘေးမကင်းတဲ့ ဘက်ထရီတွေနဲ့ အားသွင်းပုံတွေက လူ့အသက်တွေကို ဘေးသင့်စေတယ်” လို့ ပြောပါတယ်။
အခုအစီအစဉ်က နယူးယောက်မြို့ခံတွေကို လစ်သီယမ်- အိုင်းယွန်း ဘက်ထရီတွေကြောင့် ဖြစ်တဲ့ မီးဘေးကနေ ကာကွယ်ဖို့ အုပ်ချုပ်ရေးအဖွဲ့ရဲ့ “ဘေးကင်းကင်း အားသွင်း၊ စီးနင်းရေး” အစီအစဉ်ရဲ့ တစိတ်တပိုင်း ဖြစ်ပါတယ်။
ဘက်ထရီတွေကြောင့်ဖြစ်တဲ့ မီးလောင်မှုကြောင့် ၂၀၂၃ ခုနှစ်အတွင်း သေဆုံးသူ ၁၈ ဦးနဲ့ ဒဏ်ရာရသူ ၁၃၃ ဦး ရှိခဲ့ကြောင်း နယူးယောက်မြို့တော်ဝန်ရုံးက ဆိုပါတယ်။
Source/Photo-Reuters