မြန်မာနိုင်ငံတွင်း ကုန်ပစ္စည်းတွေနဲ့ ဝန်ဆောင်မှုတွေကို အွန်လိုင်းစနစ်နဲ့ ရောင်းချသူတွေအတွက် မှတ်ပုံတင်နိုင်ဖို့ သင်တန်းဖွင့်မယ်လို့ စစ်ကောင်စီက ထုတ်ပြန်လာပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်တတိယပတ်က အွန်လိုင်းကနေ ကုန်ပစ္စည်းရောင်းချ၊ ဝန်ဆောင်မှု ပေးသူတွေ မှတ်ပုံတင်ရမယ်ဆိုတဲ့ အမိန့်တခုထုတ်ပြီးနောက်မှာ မြန်မာနိုင်ငံအတွင်း e-Commerce လုပ်ငန်းလုပ်ကိုင်မယ့်သူ အားလုံးဟာ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက စီမံခန့်ခွဲတဲ့ သတ်မှတ်ထားတဲ့ မှတ်ပုံတင်စနစ်မှာ မှတ်ပုံတင်ရမှာဖြစ်ပြီး ဒီအတွက်လည်း ဥပဒေပေါင်း ၃၀ လောက်နဲ့ ဆက်စပ်ရေးဆွဲထားတဲ့ လမ်းညွှန်တခုကို ထုတ်ပြန်ထားပါတယ်။
အဲဒီအတွက် မှတ်ပုံတင်နည်းလမ်းကို သင်ကြားပေးမဲ့ eComReg စနစ် အသုံးပြုနည်း သင်တန်းကို အွန်လိုင်းကနေ Zoom ကို သုံးပြီး သင်တန်းပေးမယ်လို့ ဆိုပါတယ်။
သင်တန်းကို အပတ်စဉ် အင်္ဂါနဲ့ သောကြာနေ့မှာ မွန်းလွဲ ၁ နာရီကနေ ညနေ ၃ နာရီအထိ ဖွင့်လှစ်မှာဖြစ်ပြီး အခမဲ့ လို့ ဆိုပါတယ်။
လာမယ့် ဒီဇင်ဘာ ၈ ရက်နေ့အထိပဲ လျှောက်လွှာတွေလက်ခံမှာဖြစ်ပြီး သင်တန်းသား ဦးရေအပေါ်မူတည်ပြီး နောက်သင်တန်းတွေလည်း ရှိဦးမယ်လို့ သင်တန်းခေါ်စာမှာ ဖော်ပြထားပါတယ်။
သင်တန်းလျှောက်လွှာကို လက်ရေးနဲ့လည်း ဖြည့်စွက်နိုင်ပြီး သင်တန်းခေါင်းစဉ်နဲ့ မသက်ဆိုင်တာတွေကို မဆွေးနွေးပါဘူးဆိုတဲ့ ကတိခံဝန်ချက်ကိုလည်း ထည့်သွင်းထားပါတယ်။
သင်တန်းကိုလျှောက်မယ်ဆိုရင် စားသုံးသူရေးရာဦးစီးဌာနက ဖော်ပြထားတဲ့ လျှောက်လွှာပုံစံကို ဖြည့်စွက်ပြီး သူတို့သတ်မှတ်တဲ့ အီးမေးလ်ကို ပို့ပေးရမှာဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ဖေ့စ်ဘွတ်ခ်အသုံးတွင်ကျယ်လာပြီးနောက်ပိုင်း အွန်လိုင်းကနေ ကုန်စည်နဲ့ ဝန်ဆောင်မှုတွေရောင်းချတာလည်း ခေတ်စားလာပြီး လိမ်ညာတဲ့သူတွေလည်း အများအပြားရှိလာတာပါ။
ဒီအတွက် အခုလိုမှတ်ပုံတင်ရောင်းချတာဟာ ကောင်းတဲ့နည်းလမ်းတခုဖြစ်ပေမဲ့ စားသုံးသူအခွင့်အရေးကို ကာကွယ်ပေးမယ့်အစား ရောင်းချသူတွေအပေါ် တင်းကျပ် ထိန်းချုပ်တာလည်း ဖြစ်နိုင်တယ်လို့ အွန်လိုင်းကနေ ရောင်းချသူတွေက စိုးရိမ်ကြပါတယ်။
အွန်လိုင်းရှော့ပ် လုပ်ကိုင်သူတယောက်က “အခုနေ မှတ်ပုံတင်ရင်တော့ ၃၉၀၀ ကျပ်နဲ့ ရတယ်လို့တော့ သိထားတယ်။ ဒါပေမဲ့ ခေတ်ကာလမကောင်းတော့ ပို့ပေးရတာလည်း အဆင်မပြေဘူး။ ကျမတို့ကတော့ အခုထိ မှတ်ပုံမတင်သေးဘူး။ ငွေက ဘာမှမများပေမဲ့ မှတ်ပုံတင်ဖို့က ရဲစခန်းထောက်ခံစာလည်းလိုတယ်။ သူတို့နဲ့ မပတ်သက်ချင်လို့။ ပြီးတော့ ဘာဖြစ်လာမယ်မှန်းက မသိသေးလို့” လို့ ပြောပါတယ်။
အခု စစ်ကောင်စီက ထုတ်ပြန်ထားတဲ့ အွန်လိုင်းကနေရောင်းချသူတွေအတွက် လမ်းညွှန်ချက်မှာ ငွေပေးချေမှုဆိုင်ရာမှတ်တမ်းတွေနဲ့ ကုန်စည်၊ ဝန်ဆောင်မှုရဲ့ အရောင်းအဝယ်ဆိုင်ရာ အချက်အလက်တွေကို အနည်းဆုံး ၃ နှစ် ထိန်းသိမ်းထားရမှာဖြစ်ပြီး အသုံးပြုသူတွေ၊ တရားရုံး ဒါမှမဟုတ် အာဏာပိုင် အဖွဲ့အစည်းတွေက တောင်းခံလာရင် ပေးရမယ်လို့ သတ်မှတ်ထားပါတယ်။ တောင်းခံလာရင် အခမဲ့ပေးရမယ်လို့ သတ်မှတ်ထားပါတယ်။
အွန်လိုင်းကနေ ကုန်ပစ္စည်းတွေရောင်းတာ၊ ဝန်ဆောင်မှုပေးတာတွေကို မှတ်ပုံတင် ခိုင်းဖို့အတွက် အန်အယ်လ်ဒီအစိုးရလက်ထက်ကတည်းက ဆွေးနွေးစီစဉ်ခဲ့တာဖြစ်ပြီး e-Commerce လုပ်ငန်းတွေနဲ့ပတ်သက်ပြီးတော့လည်း လမ်းညွှန်ချက်တွေ ထုတ်ဖို့ ဆွေးနွေးခဲ့ဖူးပါတယ်။