ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်ရှိ၊ သီလဝါဆိပ်ကမ်းမှာ ဆီဘောက်ဆာယာဉ်တွေ တပတ်လောက်ကြာတဲ့အထိ ဆီထုတ်လို့ မရသေးဘဲ ယာဉ်စီးရေထောင်ချီ တန်းစီနေရတယ်လို့ ယာဉ်မောင်းတွေထံက သိရပါတယ်။
မြန်မာပြည်အနှံ့က ဆီဘောက်ဆာယာဉ်တွေဟာ သီလဝါဆိပ်ကမ်းမှာ သောင်တင်နေတာ တပတ်လောက်အထိ ရှိနေပြီဖြစ်ပြီး ဒီဇင်ဘာ ၆ ရက် ဒီနေ့အထိ ဆီကို လိုသလောက် ထုတ်ယူလို့ မရသေးဘဲ တန်းဆီစောင့်ဆိုင်းနေရဆဲဖြစ်တယ်လို့ ယာဉ်မောင်းတွေက ပြောပါတယ်။
Denko ယာဉ်မောင်းတဦးက “Denko, Max အဲ့ဒီကားတွေပါ အထဲမှာ တန်းစီနေရတာ ၅ ရက်၊ ၆ ရက်လောက်ရှိတယ်။ ကျနော်ဆိုလည်း အိမ်မပြန်ရတာ ၃ ရက်ရှိနေပြီ။ အခုထိလည်း ဆီထုတ်လို့မရသေးဘူး” လို့ ပြောပါတယ်။
သီလဝါဆိပ်ကမ်းမှာ စက်သုံးဆီတင်ဘောက်ဆာတွေ ထောင်ချီပြီး တန်းစီနေရတာကြောင့် ပုသိမ်နဲ့ တောင်ငူ အပါအဝင် မြန်မာနိုင်ငံရဲ့ မြို့တချို့မှာ စက်သုံးဆီ ပြတ်တောက်နေသလို ရန်ကုန်မြို့က ဆီဆိုင်တချို့လည်း အရောင်းပိတ်ထားရကာ တန်းစီစောင့်ဆိုင်းနေရတယ်လို့ သိရပါတယ်။
ဒါ့အပြင် ဒီနေ့မနက်ရဲ့ စက်သုံးဆီရည်ညွှန်းဈေးဟာ 92 Ron တလီတာကို ၂,၅၀၀ ကျော်၊ 95 Ron တလီတာကို ၂,၆၀၀ ကျော် ရှိနေပါတယ်။
စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်က မနေ့ကရက်စွဲနဲ့ ဒေါ်လာရဲ့ ရည်ညွှန်းဈေးကို မသတ်မှတ်တော့ဘဲ ပြင်ပပေါက်ဈေးအတိုင်း ဆောင်ရွက်ဖို့ ထုတ်ပြန်တဲ့သတင်း ထွက်လာပြီးနောက် ဒေါ်လာဈေးနဲ့အတူ စက်သုံးဆီဈေးနှုန်းတွေ အခုထက် ပိုမို မြင့်တက်လာနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။
အမေရိကန်နဲ့ အနောက်နိုင်ငံတွေဟာ စစ်အုပ်စုကို ပိတ်ဆို့ဒဏ်ခတ်တဲ့အနေနဲ့ စစ်ကောင်စီ လက်အောက်ခံ MOGE ကိုလည်း အရေးယူဒဏ်ခတ်ပိတ်ဆို့တာဟာ အခု ဒီဇင်ဘာလအကုန်မှာ စတင်အသက်ဝင်မှာ ဖြစ်ပါတယ်။