တိုင်းမ်မဂ္ဂဇင်းရဲ့ တစ်နှစ်တာအကောင်းဆုံး အားကစားသမားဆုကို အာဂျင်တီးနားနဲ့ အင်တာမိုင်ယာမီ အသင်းတိုက်စစ်မှူး လီယွန်နယ်မက်ဆီက ရရှိသွားပါတယ်။
မက်ဆီဟာ ပြီးခဲ့တဲ့ ဇူလိုင်လက အမေရိကန် မေဂျာလိဂ်ကလပ် အင်တာမိုင်ယာမီအသင်းဆီ ပြောင်းရွှေ့ခဲ့ပြီး စုစုပေါင်း ၁၄ ပွဲမှာ ၁၁ ဂိုး သွင်းခဲ့ပြီး အသင်းကို လိဂ်ရှုံးထွက်ဖလားတစ်လုံး ရရှိအောင် ကူညီနိုင်ခဲ့ပါတယ်။
အသက် ၃၆ နှစ်ရှိ အာဂျင်တီးနားအသင်းခေါင်းဆောင်ဟာ ပြင်သစ်ဘောလုံးမဂ္ဂဇင်းက ချီးမြှင့်တဲ့ ဘလွန်းဒီအော ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆုကိုလည်း လက်ခံရရှိထားတာပါ။
မက်ဆီဟာ မဖြစ်နိုင်တဲ့အရာတွေကို နောက်တစ်ကြိမ် လုပ်ပြနိုင်ခဲ့ပြီး အမေရိကန်နိုင်ငံကို ဘောလုံးနိုင်ငံတစ်ခုအဖြစ် ပြောင်းလဲပေးနိုင်ခဲ့ကြောင်း တိုင်းမ်မဂ္ဂဇင်းရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
အမေရိကကို မက်ဆီ ရောက်ရှိလာတာဟာ ပွဲကြည့်ပရိသတ်ဦးရေ၊ လက်မှတ်အရေအတွက် ဈေးနှုန်းနဲ့ စီးပွားရေးနယ်ပယ်တွေမှာလည်း များစွာ တိုးတက်မှုတွေရှိလာကြောင်း တိုင်းမ်မဂ္ဂဇင်းက ဖော်ပြခဲ့ပါတယ်။
Photo - Reuters