လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ ဆက်လက် မမိုက်မဲကြဘဲ နိုင်ငံရေးနည်းလမ်းအရ ဖြေရှင်းကြဖို့ အာဏာသိမ်း စစ်ခေါင်းဆောင်က ပြောကြားလိုက်ပါတယ်။
နိုဝင်ဘာ ၄ ရက်မနက်က နေပြည်တော်မှာ ကျင်းပတဲ့ အစည်းအဝေးမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုခဲ့တာလို့ စစ်ကောင်စီ ပြန်ကြားရေးက သတင်းထုတ်ပါတယ်။
စစ်ခေါင်းဆောင်က “လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ ဆက်လက် မိုက်တွင်း နက်နေမယ်ဆိုပါက မိုက်တွင်းနက်တဲ့ဒဏ်ကို ဒေသရှိပြည်သူတွေ ကသာခံစားရမှာဖြစ်ကြောင်း၊ ဒါကြောင့် မြေစာပင်ဖြစ်နေတဲ့ ပြည်သူကို ကိုယ်ချင်းစာဖို့နဲ့ ဆက်လက် မမိုက်မဲကြဘဲ နိုင်ငံရေးနည်းလမ်းအရ ဖြေရှင်းဖို့ လိုမယ်” လို့ ပြောပါတယ်။
စစ်ခေါင်းဆောင်က တဖက်မှာ နိုင်ငံရေးနည်းလမ်းအရ ဖြေရှင်းဖို့ ပြောနေပေမဲ့ စစ်ကောင်စီတပ်တွေက တိုင်းရင်းသားဒေသတွေကိုသွားရောက် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေနဲ့ ဖမ်းဆီးသတ်ဖြတ်မှုတွေ နေ့စဉ်လိုလို ကျူးလွန်နေကြတာဖြစ်ပါတယ်။
ရခိုင်ပြည်နယ်မှာ တိုးတက်နေတဲ့အခြေအနေကို မတည်မငြိမ်ဖြစ်အောင်လုပ်ဆောင်နေတာဟာ အေအေလက်နက်ကိုင် အဖွဲ့သာလျင်ဖြစ်တယ်လို့လည်း စစ်ခေါင်းဆောင်က ပြောဆိုလိုက်ပြီး မိုခါမုန်တိုင်းဒဏ်ခံခဲ့ရတဲ့ ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်လုပ်ရပ်တွေကြောင့် ပျက်စီး ခဲ့ရတဲ့လမ်း၊ တံတားတွေ ပြန်လည်တည်ဆောက်တာ၊ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေ ဆောင်ရွက်ခြင်းနဲ့သာ အချိန်ကုန်ပြီး ငွေကြေးများသုံးစွဲနေရတယ်လို့လည်း ပြောပါတယ်။
အလားတူ ကယားပြည်နယ်၊ လွိုင်ကော်မှာလည်း KNPP အဖွဲ့တွေကြောင့် နေအိမ်အဆောက်အဦများစွာ ပျက်စီးခဲ့ပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေဆောင်ရွက်ဖို့ အလွန်ပင် ခက်ခဲသွားပြီလို့ စစ်ခေါင်းဆောင်က ပြောပါတယ်။
ပြည်ထောင်စုကြီး လုံးဝ ပြိုကွဲလို့ရမည်မဟုတ်ကြောင်း၊ ဒို့တာဝန်အရေးသုံးပါးကို အမျိုးသားရေးခံယူချက်နဲ့ ဆောင်ရွက်နေကြောင်းနဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်ဝန်ကြီးချုပ်တွေ ဒေသအလိုက် ကော်ဖီနဲ့ ရာဘာစိုက်ပျိုးရေးလုပ်ကြဖို့ နိုင်ငံခြားငွေရရှိရေး ပြည်ပသို့ ပို့ကုန်(Export)တိုးမြှင့်ဖို့နဲ့ သဘာဝထွက်ကုန်ကို အခြေခံတဲ့ MSME လုပ်ငန်းတွေ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ဖို့လည်း စစ်ခေါင်းဆောင်က တိုက်တွန်းပြောကြားလိုက်ပါတယ်။
Photo- DSINFO