မွန်ပြည်နယ်၊ ဘီးလင်းမြို့မှာ ရာစုနှစ်တဝက်ကျော်ကာလဖြစ်တဲ့ နှစ်ပေါင်း ၅၀ ကျော်အတွင်း အပူချိန်အမြင့်ဆုံး စံချိန်သစ်တင်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ပါတယ်။
ဘီးလင်းမြို့ရဲ့ အပူချိန်ဟာ ဒီဇင်ဘာ ၂ ရက်မှာ ၅၈ နှစ်အတွင်း အမြင့်ဆုံးစံချိန်တင်ခဲ့တာဖြစ်ပြီး ၃၆ ဒသမ ၂ နဲ့ စံချိန်သစ်တင်ခဲ့တာပါ။
၂၀၀၆ ခုနှစ်တုန်းက တင်ခဲ့တဲ့ အမြင့်ဆုံးအပူချိန် စံချိန်ဟောင်းက ၃၆ ဒသမ ၀ ဒီဂရီစင်တီဂရိတ်ဖြစ်ပြီး အခုနှစ် ဒီဇင်ဘာ ၂ ရက်မှာတော့ ၃၆ ဒသမ ၂ နဲ့ စံချိန်သစ် တင်ခဲ့တယ်လို့ ဆိုပါတယ်။
ဒေသခံတဦးက “ဒီဇင်ဘာလသာ ပြောတယ်။ အပူချိန်ကနေ့ဘက်လည်းပူ၊ ညဘက်လည်းပူတာပဲ။ ညသန်းခေါင်ယံလောက်မှ အပူချိန်ကျတာ အအေးလာတာဆိုပေမဲ့ အရင်ဆယ်စုနှစ်တွေ လောက်တော့ မအေးဘူး။ ညဘက်မပြောနဲ့ ညနေဘက်ရောက်ရင် ရေတောင်မချိုးနိုင် အနွေးထည်ဆိုဝတ်ထားရတယ်”လို့ ပြောပါတယ်။
အလားတူ ရခိုင်ပြည်နယ် ဂွမြို့ရဲ့ အပူချိန်ဟာလည်း ဒီဇင်ဘာ ၂ ရက်မှာ ၄၁ နှစ်အတွင်း အမြင့်ဆုံးစံချိန်တင်ခဲ့ပြီး ၃၄ ဒသမ ၃ ဒီဂရီစင်တီဂရိတ်ရှိခဲ့ကြောင်း မိုးဇလက ထုတ်ပြန်ပါတယ်။