မီခေးလ်အာတေတာလို မှတ်ချက်ပေးမှာမဟုတ်ဘူးလို့ ပြောဆိုခဲ့တဲ့ စီးတီးနည်းပြဂွါဒီယိုလာရဲ့ မှတ်ချက်စကားအပေါ် အာဆင်နယ်နည်းပြ အာတီတာက ပြန်လည်တုံ့ပြန် ပြောကြားလိုက်ပါတယ်။
လူတန်အသင်းနဲ့ ကစားရမယ့် ပရီးမီးယားလိဂ်ပွဲစဉ်မတိုင်ခင် သတင်းစာရှင်းလင်းပွဲမှာ မီဒီယာတွေက ဂွါဒီယိုလာရဲ့ မှတ်ချက်အပေါ် နည်းပြအာတီတာကို မေးမြန်းခဲ့ကြတာပါ။
အဲဒီမေးခွန်းအပေါ် နည်းပြအာတီတာက ရယ်မောနေခဲ့ပြီး နောက်ထပ်မေးခွန်းတစ်ခုသာ မေးပါရန် ပြန်လည်ဖြေကြားပါတယ်။
ဆက်လက်ပြီး Doing a Mikel ဆိုတဲ့ စကားက အင်္ဂလိပ်ဝေါဟာရသစ်တစ်ခု ဖြစ်လာနိုင်လားဆိုတဲ့ မေးခွန်းအပေါ်မှာတော့ သေချာမသိကြောင်း အာတီတာက ဟာသလုပ်ပြီး ပြောသွားခဲ့ပါတယ်။
နည်းပြအာတီတာဟာ နယူးကာဆယ်ကို ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်အပြီးမှာ ဒိုင်လူကြီးတွေကို ကျက်သရေ မရှိတဲ့ ဆုံးဖြတ်ချက်လို့ ဝေဖန်ခဲ့သလို ပရီးမီးယားလိဂ်လို အကောင်းဆုံးလိဂ်အတွက် အဆင့်အတန်း မမီကြောင်း ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့တာ ဖြစ်ပါတယ်။
အဲဒီအပေါ်မှာ နည်းပြဂွါဒီယိုလာက မီခေးလ်အာတေတာလို မှတ်ချက်ပေးမှာမဟုတ်ကြောင်း အငြင်းပွားဖွယ်ဆုံးဖြတ်ချက်တွေရှိခဲ့တဲ့ စပါးနဲ့ပွဲအပြီးမှာ ပြောခဲ့တာဖြစ်ပါတယ်။
Photo - Reuters