Home
မြန်မာသတင်း
ပြည်တွင်းရွှေဈေး တကျပ်သားကို ကျပ် ၃၇ သိန်းထိ မြင့်တက်
DVB
·
December 4, 2023
114277-gold3-730x365

ကမ္ဘာ့ရွှေဈေး ဆက်တိုက် ထိုးတက်လာတာကြောင့် မြန်မာပြည်တွင်းရွှေဈေးလည်း ဒီနေ့ ဒီဇင်ဘာ ၄ ရက်‌နေ့မှာ ကျပ် ၃၇ သိန်းဝန်းကျင်အထိ စံချိန်တင် အမြင့်ဈေးကို ရောက်ရှိလာတယ်လို့ ရွှေဈေးကွက်အတွင်းက သိရပါတယ်။

ကမ္ဘာ့ရွှေဈေးက နိုဝင်ဘာ နောက်ဆုံးပတ်က စတင်ပြီး တောက်လျှောက် အတက်ရှိခဲ့ရာကနေ ဒီကနေ့မှာ တအောင်စကို အမေရိကန်ဒေါ်လာ ၂,၀၈၆ ထိ အမြင့်ဆုံး စံချိန်တင်ဈေးကို ရောက်ရှိလာတာပါ။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၄ ရက်နေ့မှာတော့ တအောင်စကို အမေရိကန်‌ဒေါ်လာ ၂,၀၀၀ အောက်မှာပဲ ရှိခဲ့ပြီး သီတင်းတပတ်ကျော်အတွင်း ၄ ဒသမ ၆ ရာခိုင်နှုန်းကျော် မြင့်တက်လာတာ ဖြစ်ပါတယ်။

ပြည်တွင်းရွှေဈေးနှုန်းကလည်း ကမ္ဘာ့ရွှေဈေးရော ဒေါ်လာငွေလဲနှုန်းပါ မြင့်တက်‌နေတာကြောင့် လက်ရှိမှာ အခေါက်ရွှေ တကျပ်သားကို ကျပ် ၃၇ သိန်းအထိ စံချိန်တင် ရောက်ရှိလာတာ ဖြစ်ပါတယ်။

ရန်ကုန်မြို့က ဝါရင့်ရွှေလုပ်ငန်းရှင်တဦးက “ကမ္ဘာ့ရွှေဈေးရော ‌ဒေါ်လာဈေးရော တက်လို့ ပြည်တွင်းဈေး လိုက်တက်တာပါ။ အရောင်းအဝယ်ကတော့ အေးတုန်းပါပဲ” လို့ မှတ်ချက်ပြုပါတယ်။

ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ အကယ်ဒမီမီးလင်းရွှေ ဈေးကွက်ဈေးနှုန်း သတ်မှတ်ဈေးကတော့ ဒီကနေ့မနက်ပိုင်းမှာ ကျပ် ၃,၂၈၁,၉၀၀ သတ်မှတ်ထားပါတယ်။

ကမ္ဘာ့ရွှေဈေး အတက်ကြောင့် ပြည်တွင်းရွှေဈေး မြင့်တက်‌နေသလို မြန်မာငွေနဲ့ အမေရိကန်ဒေါ်လာ လဲလှယ်နှုန်းထားကလည်း လက်ရှိမှာ တဒေါ်လာကို ၃,၄၅၀ ကျပ်ထိ ပြန်လည်မြင့်တက်နေတယ်လို့ ငွေကြေးဈေးကွက်အတွင်းက စုံစမ်းသိရှိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024