Home
နိုင်ငံတကာ
ရုပ်ကြွင်းလောင်စာအပေါ် မှီခိုမှု လျှော့ချပြီး သန့်ရှင်းစွမ်းအင်အားထားမှု မြှင့်တင်ရေး  COP28 ၌ စတင်
DVB
·
December 3, 2023

အစိုးရတွေဟာ ရုပ်ကြွင်းလောင်စာတွေအပေါ် မှီခိုမှု လျှော့ချပြီး သဘာဝပတ်ဝန်းကျင်ကို မညစ်ညမ်းစေတဲ့ သန့်ရှင်းတဲ့ စွမ်းအင်ကို အားထားမှုမြှင့်တင်ဖို့ အာရပ် စော်ဘွားများ ပြည်ထောင်စု UAE နိုင်ငံ ဒူဘိုင်းမြို့မှာ ကျင်းပတဲ့ ကုလသမဂ္ဂရာသီဥတုဆိုင်ရာ ထိပ်သီးအစည်းအဝေးမှာ ဒီဇင်ဘာ ၂ ရက်က ခြေလှမ်းသစ်တွေကို စတင်လိုက်ပါတယ်။

ကမ္ဘာကြီးကို ပူနွေးစေတဲ့ ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုတွေ မရပ်မနား တိုးနေတာကို ဘယ်လို ရပ်မလဲ ဆိုတာကိုလည်း နိုင်ငံတွေက အကြိတ်အနယ် ဆွေးနွေးခဲ့ကြပါတယ်။

"တရားမျှတပြီး စနစ်ကျတဲ့ စွမ်းအင်အကူးအပြောင်းကို အမြန်ခြေရာ ခံခြင်း" လို့ နာမည်ပေးထားတဲ့ ဆွေးနွေးပွဲမှာ နိုင်ငံပေါင်း ၁၁၇ နိုင်ငံက ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်သုံးဆနဲ့ ၂၀၃၀ ခုနှစ်မှာ စွမ်းအင်ကို ထိထိရောက်ရောက် သုံးနိုင်စွမ်း နှစ်ဆတိုးဖို့ ကတိကဝတ်ပြုခဲ့တယ်လို့ COP28 ရဲ့ ဥက္ကဋ္ဌ စူလ်တန် အယ်လ် ဂျာဘာက ပြောပါတယ်။ 

အယ်လ်ဂျာဘာဟာ ကမ္ဘာ့အပူချိန်ကို စက်မှုခေတ် မတိုင်ခင်ကထက် ၁ ဒသမ ၅ ဒီဂရီ ဆဲလ်စီးယပ်စ် ထက်ပိုမတိုးရေး ပန်းတိုင်ကို လိုက်လျောညီထွေ ဖြစ်အောင် ထိန်းညှိဖို့ သူ့မိန့်ခွန်း အတွင်း ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းကို တိုက်တွန်းခဲ့ပါတယ်။

ဒီလို ကျယ်ကျယ်ပြန့်ပြန့် ထောက်ခံမှုကို ကြိုဆိုတဲ့ အနေနဲ့ အသစ်မွမ်းမံထားတဲ့ ကျောက်မီးသွေး ဓာတ်အားပေး စက်ရုံတွေ" တည်ဆောက်တာကို ရပ်တန့်ဖို့ အမေရိကန်ဒုသမ္မတ ကာမာလာ ဟာရစ်က  နိုင်ငံတွေကို တောင်းဆို ခဲ့ပါတယ်။

ဥရောပကော်မရှင်ဥက္ကဌ အာဆူလာ ဗွန်ဒါ လေယန်ကလဲ ဥရောပသမဂ္ဂ EU ဟာ ပြန်လည် ပြည့်ဖြိုးမြဲ စွမ်းအင်သုံးစွဲဖို့ အသွင်ကူးပြောင်းရေးမှာ နိုင်ငံတွေကို ကူညီဖို့ ယူရိုငွေ ၂ ဒသမ ၃ ဘီလီယံ ရင်းနှီးမြှုပ်နှံမယ်လို့ ပြောခဲ့ ပါတယ်။

အစည်းအဝေးအပြီးမှာ အတ္တလန်တိတ် သမုဒ္ဒရာအတွင်း ကျွန်းနိုင်ငံတွေမှာ ရာသီဥတုပြောင်းလဲမှု ကြောင့် ထိခိုက်ပျက်စီးတာတွေကို လျော့ပါးသက်သာစေဖို့  စိန့်ကစ်အန် နီးဗစ်ကျွန်းနိုင်ငံရဲ့ ဝန်ကြီးချုပ် တာရန်စ့် ဒရူးက စင်ပေါ်တက်ပြီး နိုင်ငံတွေကို တောင်းဆိုခဲ့ပါတယ်။

“ကျနော်တို့က ပြဿနာကို ဖန်တီးတာ မဟုတ်ပေမဲ့ ကျနော်တို့ အကြီးအကျယ် ဒုက္ခရောက် နေတယ်” လို့လည်း သူက ပြောခဲ့ပါတယ်။ 

Source/Photo - Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024