ဂျပန်စာ အရည်အချင်းစစ်စာမေးပွဲ(JLPT)ကို ဝင်ရောက်ဖြေဆိုသူ အရေအတွက်ဟာ ထောင်နဲ့ချီများပြားနေတယ်လို့ ရန်ကုန်မြို့ခံတွေဆီက သိရပါတယ်။
ဒီနေ့ ဒီဇင်ဘာ ၃ ရက်နေ့ စတင်ကျင်းပနေတဲ့ ဂျပန်စာအရည်ချင်းစစ်စာမေးပွဲကို ဝင်ရောက်ဖြေဆိုနေတဲ့ အရေအတွက်ဟာ များပြားလွန်းတဲ့အတွက် ရန်ကုန်တက္ကသိုလ်နဲ့ ရန်ကုန်ပညာရေးတက္ကသိုလ်မှာ နေရာ ၂ ခုခွဲပြီး ကျင်းပနေရပါတယ်။
ရန်ကုန်မြို့ခံတယောက်က “နယ်ကဆိုရင် ကိုယ်ပိုင်ကားတွေနဲ့ရော ကားစင်းလုံးငှားပြီး လာတာတွေရော အများကြီးပဲ။ လူများလွန်းလို့ ပညာရေးတက္ကသိုလ်ရှေ့က ဈေးသည်တွေဆိုရင် တခြားနေရာ သွားရောင်းရတယ်” လို့ ပြောပါတယ်။
အဲဒီ အရည်ချင်းစစ်စာမေးပွဲကို ရန်ကုန်နဲ့ မန္တလေးမှာ တပြိုင်တည်းကျင်းပနေတာဖြစ်ပြီး ဖြေဆိုအောင်မြင်ရင် ဂျပန်နိုင်ငံကို အလုပ်သွားရောက်လုပ်ကိုင်ခွင့်ရမှာဖြစ်တာကြောင့် တနှစ်ထက်တနှစ် ဖြေဆိုသူအရေအတွက် ပိုမိုများပြားလာတယ်လို့ သိရပါတယ်။
ဂျပန်နိုင်ငံမှာ သွားရောက်အလုပ်လုပ်မယ်ဆိုရင် မြင့်မားတဲ့လုပ်ခလစာရရှိပေမယ့် ဘာသာစကားတတ်ကျွမ်းဖို့ လိုအပ်တာကြောင့် ဖြေဆိုဖို့ လျှောက်လွှာတင်ချိန်မှာလည်း ထောင်နဲ့ချီများပြားသလို ဖြေဆိုချိန်မှာလည်း အခုလို အများအပြားတွေ့ရတယ်လို့ ရန်ကုန်ပညာရေးတက္ကသိုလ်ရှေ့မှာ ဈေးရောင်းချနေသူတယောက်က ပြောပါတယ်။
အဲဒီစာမေးပွဲကို လျှောက်လွှာတင်သူများပြားတာကြောင့် လူကိုယ်တိုင် လျှောက်ထားတာကို ပယ်ဖျက်ပြီး အွန်လိုင်းနဲ့လျှောက်ထားတဲ့စနစ်ကို ပြုလုပ်ခဲ့ရပါတယ်။