ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ ချီလည်ဖင်းရွာမှာ ဒီဇင်ဘာ ၄ ရက် ဒီနေ့မနက် စစ်ကောင်စီတပ် ပစ်ခတ်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး ပြည်သူ ၁ ယောက် သေဆုံးကာ ၃ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
စစ်တွေမြို့နယ်၊ ချီလည်ဖင်းကျေးရွာကို ဒီဇင်ဘာ ၄ ရက် မနက် ၄ နာရီလောက်မှာ ပါဒလိတ်အခြေစိုက် ခလရ ၂၃၂၊ ၃၄၄ တပ်ရင်းတွေက လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့ ချီလည်ဖင်းရွာက ဦးလှသာထွန်းရဲ့ နေအိမ်မှာ ၁ လုံး၊ ကိုအောင်ကျော်သန်း နေအိမ်မှာ ၁ လုံးနဲ့ ရွာပြင်မှာ ၁ လုံး ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ချီလည်ပင်းရွာ ဒေသခံတယောက်က ဒီဗွီဘီကို ပြောပါတယ်။
“ဦးလှသာထွန်းနေအိမ်မှာ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့လို့ သားဖြစ်သူ အသက် ၅၂ နှစ်အရွယ် ဦးလှသိန်းထွန်း သေဆုံးခဲ့ကာ ရဲရိုးပြင်ကျေးရွာက စစ်ဘေးရှောင်လာတဲ့ ကိုယ်ရင်လေးတပါးနဲ့ အမျိုးသမီးတယောက် ဒဏ်ရာရရှိခဲ့တယ်။”
ဒါ့အပြင် ကိုအောင်ကျော်သန်း နေအိမ်မှာ ကျရောက်ပေါက်ကွဲခဲ့တဲ့ လက်နက်ကြီးကျည်စ ထိမှန်ပြီး ကိုအောင်ကျော်သန်းရဲ့ ခြေထောက်မှာ ပွန်းပဲ့ဒဏ်ရာ ရရှိခဲ့တယ်လို့ ပြောပါတယ်။
ရခိုင်ပြည်နယ်အတွင်းမှာ ရက္ခိုင့်တပ်တော် (အေအေ) နဲ့ စစ်ကောင်စီတပ်တွေ တကျော့ပြန် တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ရမ်းကားပစ်ခတ်ခဲ့လို့ အပြစ်မဲ့ပြည်သူ ၃၀ ကျော်လောက် သေဆုံးကာ ၁၀၀ ကျော် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် ရဲရိုးပြင်ကျေးရွာကို ဒီဇင်ဘာ ၃ ရက်နေ့ မွန်းလွဲပိုင်းမှာ စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပါတယ်။
ပုဏ္ဏားကျွန်းမြို့နယ် ရဲရိုးပြင်ကျေးရွာကို ဒီဇင်ဘာ ၃ ရက် နေ့လယ် ၂ နာရီလောက်မှာ စစ်ကောင်စီရဲ့ ရေတပ်က အင်အား ၇၀ လောက် ရောက်လာပြီး လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်ဝင်ရောက်ကာ ၂ နာရီခွဲလောက်မှာ ရွာကို စတင်မီးရှို့ခဲ့ကြတယ်လို့ ရဲရိုးပြင်ရွာ ဒေသခံတယောက်က ဒီဗွီဘီကိုပြောပါတယ်။
“စစ်ကောင်စီရဲ့ နေဗီက လက်နက်ကြီးတွေနဲ့ ပစ်ခတ်သလို ဒရုန်းနဲ့ ဗုံးကြဲတာကြောင့် ကျနော်တို့တရွာလုံး ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရပြီး ရွာမီးလောင်နေတာကို အဝေးကနေ လှမ်းမြင်နေရတယ်၊ ရွာကိုသွားပြီး မီးလည်း မငြိမ်းသတ်ရဲကြဘူး။”
ပုဏ္ဏားကျွန်းမြို့နယ် ရဲရိုးပြင်ကျေးရွာကို နိုဝင်ဘာ ၂၇ ရက် မနက်မှာလည်း စစ်ကောင်စီရဲ့ ရေတပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် ဘုန်းကြီးကျောင်းတကျောင်း မီးလောင်ကျွမ်းခဲ့တယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။
စစ်ကောင်စီတပ်တွေဟာ ရခိုင်ပြည်နယ်အတွင်းမှာ နိုဝင်ဘာ ၁၃ ရက်က တကျော့ပြန် တိုက်ပွဲတွေ ဖြစ်ပွားပြီးနောက် ကုန်းလမ်း၊ ရေလမ်းတွေ ခရီးသွားလာခွင့် ဖြတ်တောက်ထားတဲ့အပြင် ကျေးရွာတွေကို မီးရှို့တာ၊ ပြည်သူလူထုကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ နေ့စဥ်ရက်ဆက် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ခဲ့လို့ အပြစ်မဲ့ပြည်သူတွေ အများအပြား သေဆုံး ဒဏ်ရာရရှိခဲ့ကြတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။