မြန်မာ - တရုတ်နယ်စပ်၊ ကျယ်ဂေါင်မှာနေသူတွေကို မြန်မာဘက်ခြမ်း တိုက်ပွဲ အခြေအနေကြောင့် ဒီဇင်ဘာ ၂ ရက်နေ့ကစပြီး တရုတ်အစိုးရက ရွှေလီဘက်ကို အကုန်ပြောင်းရွှေ့ခိုင်းနေပြီလို့ နယ်စပ်ဒေသခံတွေဆီက သိရပါတယ်။
ဒေသခံတယောက်က “ကျယ်ဂေါင်မှာနေတဲ့သူတွေကို ရွှေလီဘက်ပြောင်းခိုင်းတာ ဟုတ်ပါတယ်။ ဒီနေ့နဲ့ မနက်ဖြန်။ အခု ငှားနေတဲ့အိမ်မှာလာပြောနေပြီ” လို့ ပြောပါတယ်။
ရွှေလီကနေ မူဆယ်ကို ကုန်ပစ္စည်းသယ်ပို့နေသူကလည်း ကျယ်ဂေါင်မှာ လက်ရှိ နေထိုင်သူတွေကို ရွှေလီဘက်ကို ပြောင်းရွှေ့နေထိုင်ဖို့ ပြောနေသံကြားရကြောင်း ပြောပါတယ်။
ဒေသခံတယောက်က “မူဆယ်ဘက် တိုက်ပွဲဖြစ်လာတော့မှာမို့လား မသိဘူး။ ရှောင်ခိုင်းနေတယ်ပြောတယ်။ ကျယ်ဂေါင်နဲ့ ရွှေလီကြားကတံတားလည်း ပိတ်မယ်လို့ သတင်းကြားနေတယ်။ သံဆူးကြိုးတွေလည်း ချထားတာတွေ့တယ်” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ တတိယပတ်လောက်ကလည်း ပန်ဆိုင်းမြို့နဲ့ ထိစပ်နေတဲ့ ဝမ်တိန်မြို့နေ ပြည်သူတွေကို တရုတ်ဘက်က တိုက်ပွဲရှောင်ခိုင်းထားခိုင်းတယ်လို့ ဝမ်တိန် ဒေသခံတယောက်က ပြောပါတယ်။
တိုက်ပွဲရှောင် ပြောင်းရွှေ့နေထိုင်မယ့် တရုတ်နိုင်ငံသားတွေကိုတော့ တရုတ်အစိုးရက ဟိုတယ် အခမဲ့စီစဉ်ထားပေးပြီ စားစရိတ်က မိမိဘာသာ ကုန်ကျခံရမယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံသားတွေကတော့ နေထိုင်စရိတ်ရော၊ စားသောက်စရိတ်တွေအားလုံး မိမိဘာသာ ကုန်ကျခံရမှာဖြစ်တယ်လို့ နယ်စပ်ဒေသခံတွေဆီက သိရပါတယ်။
မြန်မာဘက်ခြမ်း တိုက်ပွဲဖြစ်ပွားရာ မုံးကိုး၊ ဖောင်းဆိုင်၊ ကြူကုတ် (ပန်ဆိုင်း) နဲ့ ထိစပ်နေတဲ့ တရုတ်ဘက်ခြမ်းက နယ်စပ်မြို့က ဒေသခံတွေကိုလည်း တရုတ်အစိုးရက စစ်ဘေးလွှတ်ရာ ရွှေ့ပြောင်းထားတာပါ။