တနင်္သာရီတိုင်း၊ မြိတ်မြို့မှာ စစ်ကောင်စီက နေ့စားခပေးပြီး တပ်ထောက်ခံပွဲကို ဒီနေ့ ဒီဇင်ဘာ ၃ ရက်နေ့ မနက်ပိုင်းမှာ ပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မြို့မအားကစားကွင်းမှာ မနက် ၈ နာရီလောက်က ပြုလုပ်တာဖြစ်ပြီး စစ်ကောင်စီဘက်က ဦးဆောင်တဲ့ မီးသတ်ဌာန၊ ပျူစောထီး၊ ကြံ့ခိုင်ရေးပါတီဝင်တွေအပါအဝင် ပျူစောထီး အားကောင်းတဲ့ မြိတ်တောင်၊ ရေပုန်းနဲ့ ရွှေပြည်တန်ရပ်ကွက်က သူတွေ လာကြတယ်လို့ မြိတ်မြို့ခံတယောက်က ပြောပါတယ်။
ဒေသခံတယောက်က “မြို့မအားကစားကွင်းမှာ လူစုဖို့အတွက် စစ်ကောင်စီဘက်က ကားစရိတ် အကုန်ကျခံပြီး ကြံ့ဖွံ့အားကောင်းတဲ့ ရပ်ကွက်တွေထဲမှာ လူလိုက်စုတယ်။ ရွှေပြည်တန်မီးပွိုင့်မှာ တပ်ထောက်ခံပွဲသွားတဲ့ ကား ၂ စီးတွေ့တယ်။ တပ်ထောက်ခံပွဲမှာ ဆိုလည်း မီးသတ်ဌာနကလူတွေ အရပ်ဝတ်နဲ့ မိသားစုလိုက် လာတက်တာတွေရှိတယ်” လို့ ပြောပါတယ်။
တပ်ထောက်ခံပွဲတက်ရောက်လာသူတွေက ‘KIA/TNLA/MNDAA/BPLA/AA နဲ့ PDF တွေ အလိုမရှိလို့ အော်ဟစ်ကြသလို တရားသောစစ် အောင်ရမည်၊ စစ်ကောင်စီတပ်သားများ ကျန်းမာပါစေ’ လို့ ပြောဆိုတာလည်းရှိတယ်လို့ ရပ်ကွက်နေသူတယောက်က ပြောပါတယ်။
တပ်ထောက်ခံပွဲပြုလုပ်တဲ့ မြို့မအားကစားကွင်း အနီးအနားဝန်းကျင်မှာရဲနဲ့ စစ်သားတွေ လုံခြုံရေးယူထားတယ်လိုလည်း မျက်မြင်တွေ့ရှိသူတယောက်က ပြောပါတယ်။
အဲဒီ တပ်ထောက်ခံပွဲမှာ စစ်ကောင်စီက လူတယောက်ကို ၂ သောင်းကျပ်နဲ့ ကား ၁ စီးကို ၃ သောင်းကျပ်နှုန်းပေးပြီး လူအင်အား ၃၀၀ လောက်နဲ့ ပြုလုပ်ခဲ့တယ်လို့ စစ်ကောင်စီအသိုင်းအဝိုင်းနဲ့ နီးစပ်သူဆီက သိရပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၀ ရက်နေ့ကလည်း တပ်ထောက်ခံပွဲ ပြုလုပ်နေတယ်ဆိုပြီး သမုတ်တံတားနဲ့ ကျွဲကူးတံတားကို စစ်ကောင်စီက ၁ နာရီကြာလောက် ပိတ်ထားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။