ဧရာဝတီတိုင်းမှာ ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်း NUG နဲ့ PDF တွေကို အားပေး ကူညီတယ်လို့ စွပ်စွဲပြီး ဒေသခံ ၂၄ ယောက်ကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့တယ်လို့ အဖမ်းခံရသူတွေကို ကူညီပေးနေတဲ့ ရှေ့နေတွေဆီက သိရပါတယ်။
နိုဝင်ဘာလ ၁ ရက်ကနေ ၃၀ ရက်အတွင်း NUG၊ PDF စတဲ့ အဖွဲ့အစည်းတွေကို ပတ်သက်ဆက်သွယ် အားပေးကူညီထောက်ပံ့တယ်လို့ဆိုပြီး ဟင်္သာတ၊ ဇလွန်၊ ကျိုက်လတ်၊ ပုသိမ်၊ ဘိုကလေး ၊ မအူပင်၊ ညောင်တုန်း၊ သာပေါင်း၊ ဒေးဒရဲ စတဲ့ မြို့နယ်တို့က ဒေသခံ ၂၄ ယောက်ကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့တာပါ။
ဖမ်းခံရသူရဲ့ မိသားစုဝင်တယောက်က “ဥပဒေနဲ့အညီ စစ်ဆေးစရာရှိလို့ဆိုပြီး ဖမ်းတာပဲ။ အခု အဖမ်းခံရတဲ့သူတွေက လူငယ် တွေကြီးပဲ။ သူတို့ပြောတာက NUG နဲ့ PDF က အဲဒီ အဖွဲ့တွေနဲ့ ပတ်သက်တာတွေ့ရှိလို့ ဖမ်းတာပါတဲ့။ ပတ်သက်မှုမရှိရင် စိတ်ပူနေစရာ မလိုဘူးလို့ပြောသွားတာ” လို့ ပြောပါတယ်။
အဲဒီ ဖမ်းဆီးခံရတဲ့ ဒေသခံ ၂၄ ယောက်ထဲမှာ အသက်၂၀ဝန်းကျင် အရွယ် လူငယ်အမျိုးသား ၁၉ ယောက်နဲ့ အသက် ၂၂ နှစ်အရွယ် ဝန်းကျင် လူငယ် အမျိုးသမီး ၅ ယောက်ပါပြီး ဌာနဆိုင်ရာဝန်ထမ်းတချို့နဲ့ ကျန်းမာရေး မကောင်းတဲ့သူ တချို့လည်း ပါတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလကလည်း NUG နဲ့ PDF အဖွဲ့အစည်းတွေနဲ့ ပတ်သက်တယ်လို့ ဆိုပြီး ဧရာဝတီတိုင်းက ဒေသခံ လူငယ် ၁၄ ယောက် ဖမ်းဆီးခံခဲ့ရပါသေးတယ်။