ချင်းပြည်နယ်၊ မင်းတပ်မြို့က နေအိမ် ၃ လုံးကို စစ်တပ်က မီးရှို့ပြီး မြို့ခံတွေကို အပြင်မထွက်ဖို့ ပြောထားသလို မွန်ပြည်နယ်၊ ကျိုက်မရောမြို့၊ ချောင်းနှစ်ခွရွာနားမှာ တိုက်ပွဲတွေပြင်းထန်နေလို့ ဒေသခံ ၂ သောင်းကျော် စစ်ရှောင်နေရပါတယ်။
မင်းတပ်မြို့၊ အရှေ့ပြင်ရပ်ကွက်၊ ဦးဝမ္မသူးမောင်းပန်းခြံနားက အိမ် ၆ လုံးကို ဒီဇင်ဘာ ၁ ရက် မနက်ပိုင်းက ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေရှိတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်သားတွေက မီးရှို့ခဲ့ပြီး မြို့ခံတွေကိုလည်း ၃ ရက်အပြင်မထွက်ဖို့ ကြေညာထားတယ်လို့ မင်းတပ်ဒေသခံတွေက ပြောပါတယ်။
ဒီဇင်ဘာ ၂ ရက်နေ့မှာလည်း ကင်းလှည့်လာတဲ့ ရဲတပ်သားတွေက မြို့ခံတွေကို ၃ ရက် အပြင်မထွက်ဖို့နဲ့ လမ်းမှာတွေ့ရင် ပစ်သတ်မယ်လို့ တအိမ်တက်ဆင်း လိုက်ပြောသွားတယ်လို့ သိရပါတယ်။
အခုရက်ပိုင်းမှာ မင်းတပ်မြို့က လမ်းဆုံလမ်းခွ၊ စျေးနဲ့ ရုံးတွေအနီးမှာ စစ်ကောင်စီတပ်က မြေမြှုပ်မိုင်းတွေ ထောင်ထားတဲ့အတွက် အပြင်မထွက်ဖို့ လိုက်ပြောတာ ဖြစ်တယ် လို့လည်း ဒေသခံတွေက ပြောပါတယ်။
မင်းတပ်မြို့ခံတယောက်က “လူငယ်တွေက အဲ့ဘက်လမ်းကနေ လာလာပစ်လို့ အိမ်တွေမီးရှို့လိုက်တာ။ ဒီနေ့ ၁ နာရီက စပြီး ၃ ရက်အထိ ဘယ်သူမှ အပြင်မထွက်ဖို့ လိုက်ပြောနေတယ်၊ အခု ပြည်သူတွေက စျေးတွေဝယ်နေပြီ။ လမ်းပေါ်တွေ့တဲ့သူ ပစ်မယ်တဲ့” လို့ ပြောပါတယ်။
မင်းတပ်မြို့မှာ စစ်ကောင်စီတပ်က ကျေးရွာတွေဘက်ကို လက်နက်ကြီးနဲ့ ဆက်တိုက်ပစ်ခတ်နေပြီး မြို့ပေါ်ကုန်းမြင့်နဲ့ လမ်းဆုံလမ်းခွတွေမှာလည်း ကင်းပုန်းဝပ်တာတွေရှိတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၂၆ ရက်နေ့ကလည်း မင်းတပ်မြို့၊ ဦးဝမ္မသူးမောင်းပန်းခြံနားမှာ မြေမြှုပ်မိုင်း နင်းမိလို့ အသက် ၆၀ အရွယ် အမျိုးသား ၁ ယောက် သေဆုံးခဲ့ပါသေးတယ်။
မွန်ပြည်နယ်၊ ကျိုက်မရောမြို့၊ ချောင်းနှစ်ခွရွာ၊ စံပယ်ဂူတံတားနားမှာ စစ်ကောင်စီနဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ပွဲပြင်းထန်နေလို့ ကျေးရွာ ၂၀ လောက်က ဒေသခံ ၂၀,၀၀၀ ကျော် စစ်ရှောင်နေကြရပြီး အနွေးထည်၊ ဆေးဝါးနဲ့ စားနပ်ရိက္ခာတွေ လိုအပ်နေတယ်လို့ လူမှုကူညီရေး အဖွဲ့ဝင်တွေဆီက သိရပါတယ်။
နိုဝင်ဘာ ၂၈ ရက်နေ့ကစပြီး ကျိုက်မရောမြို့နယ်ထဲကို စစ်ကြောင်းထိုး ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်(KNLA)နဲ့ PDF တပ်ဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်နေပြီး နှစ်ဖက် စစ်ရေးတင်းမာနေတယ်လို့ သိရပါတယ်။
ပရဟိတအဖွဲ့ဝင်တယောက်က “ငွေကြေး တတ်နိုင်သူတွေကတော့ မြို့ပေါ်တွေ ရှောင်ကြတယ်။ ငွေကြေးမတတ်နိုင်သူတွေက တောထဲတွေပဲ ရှောင်ကြရတာ။ ဘာပစ္စည်းမှ မယူနိုင်ကြတော့လည်း လိုအပ်တာတွေများတယ်။ စစ်ရေးက တင်းမာနေတော့ ပြန်ဝင်မယူရဲဘူး။ ကျနော်တို့ကလည်း တတ်နိုင်တာ ကူညီနေတယ် ဆိုပေမဲ့ စစ်ရှောင်တွေကများတော့ မလောက်ငှဘူးဖြစ်နေတာ” လို့ ပြောပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်နေလို့ ပေသီးကုန်း၊ မီးသွေးကုန်း၊ တောင်ကလေး၊ မယ်တရို၊ ထရံ၊ ကြံတော၊ လှာကဇိုင်း၊ ချောင်းနှစ်ခွ၊ ဝယ်ငဲ့နဲ့ မယ်ကရို စတဲ့ ရွာတွေက ဒေသခံတွေ ဘေးလွတ်မယ်ထင်ရာ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။