ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်မှာ ပြည်သူ့စစ်အဖွဲ့ဝင်ဟောင်းတယောက် ပစ်သတ် ခံခဲ့ရပြီး မကွေးတိုင်း၊ ပခုက္ကူမြို့နယ်အခြေစိုက် ခလရ ၂၅၂ တပ်ရင်းလည်း ရှော့တိုက်ဒုံးနဲ့ တိုက်ခိုက်ခံရလို့ ၄ ယောက်သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ဝိုင်းမော်မြို့နယ်၊ ဝူယန်ကျေးရွာ၊ ထော့ဂေါရပ်ကွက်မှာ ဆိုင်ကယ်သမား ၂ ယောက်က လီဆူ ပြည်သူ့စစ်အဖွဲ့ဝင်ဟောင်းကို သေနတ်နဲ့ ပစ်သတ်သွားတာလို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံတယောက်က “မနက် ၇ နာရီလောက်က ဆည်မြောင်းလမ်းဆုံနားမှာ အင်္ကျီ အနက် ဝမ်းဆက်ဝတ်ထားတဲ့ ဆိုင်ကယ်သမား ၂ ယောက်က ပစ်သွားတာ။ သူက အရင်ကတော့ လီဆူပြည်သူ့စစ်အဖွဲ့ဝင်ပဲ။ ပြည်သူ့စစ်ထဲက ထွက်ထားတာတော့ကြာပြီ။ သူ ဆိုင်ကယ်စီးလာတာကို အနောက်က ဆိုင်ကယ်နဲ့လိုက်လာပြီး ပစ်သွားတာ။ ပွဲချင်းပြီးပဲ။ အခုတော့ ဆေးရုံ ပို့လိုက်ပြီ” လို့ ပြောပါတယ်။
သေဆုံးသူဟာ အသက် ၅၀ ကျော်အရွယ် ဦးလမြာလေး ဖြစ်ပြီး လည်ပင်းကျည်ထိမှန် ဒဏ်ရာနဲ့ အခင်းဖြစ်နေရာမှာပဲ သေဆုံးခဲ့တာပါ။
ဝိုင်းမော်မြို့နယ်ထဲမှာ စစ်ကောင်စီလက်အောက်ခံ လီဆူပြည်သူ့စစ် အဖွဲ့ခေါင်းဆောင် ဦးရွှေမင်းက လီဆူတိုင်းရင်းသားတွေနေထိုင်တဲ့အိမ်က တအိမ်တယောက် မဖြစ်မနေ ပြည်သူ့စစ်အဖွဲ့ကို ဝင်ရောက်စစ်မှုထမ်းဖို့ အောက်တိုဘာ ၃၀ ရက်နေ့က ထုတ်ပြန် ထားခဲ့ပါတယ်။
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာတော့ နိုဝင်ဘာ ၃၀ ရက်နေ့ မနက်ပိုင်းက ခလရ ၂၅၂ တပ်ရင်းကို တာဝေးပစ်ရှော့တိုက်ဒုန်းနဲ့ တိုက်ခိုက်ခံရလို့ ၄ ယောက်သေဆုံးပြီး အများအပြား ဒဏ်ရာရတယ်လို့ Burma Revolution Rangers ဆီကနေ သိရပါတယ်။
အဲဒီတပ်ဟာ ပခုက္ကူအခြေစိုက် တပ်မ ၁၀၁ လက်အောက်ခံတပ်ရင်းဖြစ်ပြီး ရှော့တိုက်ဒုံးတွေဟာ လက်နက်တိုက်မှာ ကျရောက်ပေါက်ကွဲခဲ့တာကို တပ်တွင်းသတင်း ရရှိတယ်လို့ ဆိုပါတယ်။
အဲဒီတိုက်ခိုက်မှုကို RDF(မြိုင်)၊ စနေမင်းပြောက်ကျားတပ်ဖွဲ့၊ CGF(ချောက်)တို့နဲ့အတူ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
အဲဒီ တိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့အခြေနေကို ဒီဗွီဘီ က သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန် ထားတာ မတွေ့ရသေးပါဘူး။