မြောက်ကိုရီးယားရဲ့ ကင်းထောက်ဂြိုလ်တု စစ်ဆင်ရေးရုံးဟာ စစ်ထောက်လှမ်းရေးအဖွဲ့အစည်း တခုအဖြစ် သူ့ရဲ့တာဝန်ကို စတင်ခဲ့ပြီဖြစ်ကြောင်း နိုင်ငံပိုင်မီဒီယာက ဒီဇင်ဘာ ၃ ရက်မှာ ဖော်ပြ ပါတယ်။
အမျိုးသားအာကာသနည်းပညာ စီမံခန့်ခွဲမှုဌာန (NATA) ရဲ့ ပြုံယမ်း အထွေထွေ ထိန်းချုပ်ရေး စင်တာမှာ ဖွဲ့စည်းထားတဲ့ အဲဒီရုံးဌာနဟာ ဒီဇင်ဘာ ၂ ရက်မှာ စတင်တာဝန်ယူခဲ့ပြီး ရရှိလာတဲ့ အချက်အလက်တွေကို စစ်တပ်နဲ့ တခြားအဓိကယူနစ်တွေမှ ကင်းထောက်ဗျူရိုကို တင်ပြမှာ ဖြစ်ကြောင်း အစိုးရရုပ်မြင်သံကြား KRT မှ ပြောကြားခဲ့ပါတယ်။
မြောက်ကိုရီးယားဟာ သူ့ရဲ့ ပထမဆုံး စစ်တပ် သူလျှိုဂြိုလ်တုကို နိုဝင်ဘာ ၂၁ ရက်က အောင်မြင်စွာ လွှတ်တင်ခဲ့ကြောင်း ပြောထားပြီး အိမ်ဖြူတော်၊ ပင်တဂွန်၊ အမေရိကန် စစ်အခြေစိုက်စခန်းတွေနဲ့ တောင်ကိုရီးယားရှိ "ပစ်မှတ်ဒေသတွေ" ရဲ့ ဓာတ်ပုံတွေကို ထုတ်လွှင့် နေတာဖြစ်ပါတယ်။
မြောက်ကိုရီးယားဟာ သူ့ရဲ့ဂြိုလ်တုစစ်ဆင်ရေးမှာ ဝင်ရောက်စွက်ဖက်မှု မှန်သမျှကို စစ်ကြေညာခြင်းအဖြစ် မှတ်ယူမှာဖြစ်ပြီး သူ့ရဲ့ဗျူဟာမြောက် ပိုင်ဆိုင်မှုတွေအပေါ် တိုက်ခိုက်မှု တစုံတရာ ကြုံလာရင်လည်း အဲဒီစစ်ပွဲကို တားဆီးဖို့ တိုက်ခိုက်မှာဖြစ်ကြောင်း မြောက်ကိုရီးယား ကာကွယ်ရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူရဲ့ ပြောကြားချက်ကို ကိုးကားပြီး KRT မှ သတင်းပေးပို့ထားပါတယ်။
အမေရိကန်အနေနဲ့ နောက်ဆုံးပေါ် နည်းပညာတွေကို လက်နက်အနေနဲ့ ဥပဒေမဲ့စွာ တရားမျှတမှု မရှိစွာ အသုံးချပြီး အချုပ်အခြာအာဏာပိုင် နိုင်ငံတခုရဲ့ တရားဝင် နယ်မြေကို ချိုးဖောက်ဖို့ ကြိုးစားရင် အမေရိကန် ထောက်လှမ်းရေးဂြိုလ်တုတွေရဲ့ အောင်မြင်စွာ လုပ်ဆောင်နိုင်မှု စွမ်းရည် ကို အစွမ်းမဲ့သွားအောင် သို့မဟုတ် ဖျက်ဆီးပစ်ပြီးတော့ မြောက်ကိုရီးယားဟာ မိမိကိုယ်ကို ကာကွယ်ရေးအတွက် တုံ့ပြန်ဆောင်ရွက်တဲ့အနေနဲ့ စဉ်းစားမယ် လို့လည်း KRT မှာ အစီရင်ခံ သွားပါတယ်။
Source/Photo - Reuters