ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်းရှိ မင်ဒါနောင်ပြည်နယ်တက္ကသိုလ် အားကစားရုံတခုမှာ ဒီဇင်ဘာ ၃ ရက် က ကက်သလစ်ဘာသာဝင်တွေ စုဝေးပွဲမှာ ပေါက်ကွဲမှုတခု ဖြစ်ပွားခဲ့ရာမှာ လူ ၃ ဦးသေဆုံးပြီး ၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။
လာနောင်းဒယ်ဆူးရ် ပြည်နယ်အုပ်ချုပ်ရေးမှူး မာမင်တလ် အာဒီယွန် ဂျူနီယာ ဟာ မင်ဒါနောင် ပြည်နယ်တက္ကသိုလ်ရှိ ပေါက်ကွဲမှုဖြစ်ပွားရာနေရာကို စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပြီး အဲဒီနောက် ဆေးရုံမှာ ဒဏ်ရာရသူတွေကို သွားရောက်ကြည့်ရှုခဲ့ကြောင်း ဒေသဆိုင်ရာ အစိုးရက ထုတ်ပြန်တဲ့ ဓာတ်ပုံတွေမှာ ပြသခဲ့ပါတယ်။
“ဒီမနက် ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် ဗုံးခွဲမှု ဖြစ်ရပ်ကို ရှုတ်ချပါတယ်။ ဒီနေရာတွေဟာ ငြိမ်းချမ်းရေး ယဉ်ကျေးမှုကို မြှင့်တင်ပေးတဲ့ နေရာတွေ ဖြစ်လို့ ပညာရေး အဖွဲ့အစည်းတွေကို အကြမ်းဖက် တိုက်ခိုက်မှုတွေကိုလည်း ရှုံ့ချရမှာ ဖြစ်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။
နောက်ထပ် သတိပေးချက် မရမချင်း အတန်းတွေ ဆိုင်းငံ့ထားတယ်လို့ တက္ကသိုလ်က ထုတ်ပြန် ထားပါတယ်။
ရဲတပ်ဖွဲ့ကတော့ သူတို့တွေ့ရှိထားတဲ့ ရှုထောင့်တခုအရ အစ္စလာမ်မစ်နိုင်ငံတော် အဖွဲ့ကို လိုလားတဲ့ စစ်သွေးကြွတွေရဲ့ လက်စားချေမှု ဖြစ်နိုင်ကြောင်း ပြောဆိုပါတယ်။
အခု ပေါက်ကွဲမှု ဖြစ်ပွားတဲ့ မာရာဝီမြို့ဟာ ၂၀၁၇ ခုနှစ်တုန်းက အစ္စလာမ္မစ် စစ်သွေးကြွတွေ ၅ လ ကြာ ဝိုင်းရံခံခဲ့ရဖူးပါတယ်။
မာဂင်းဒါနောင် ဒယ်ဆူးရ်ပြည်နယ်မှာ မနေ့က စစ်ဆင်ရေးတခု ပြုလုပ်ခဲ့ရာမှာ အစ္စလမ်မစ် နိုင်ငံတော်အဖွဲ့ကို လိုလားထောက်ခံထားတဲ့ ဒေါလာ့ အစ္စလာမိယ ဖှိလစ်ပင်းန်စ် အဖွဲ့ဝင်တွေ အပါ အဝင် စစ်သွေးကြွ ၁၁ ဦးကို သတ်ဖြတ်ခဲ့ကြောင်း ဖိလစ်ပိုင်စစ်တပ်က ဒီဇင်ဘာ ၂ ရက်မှာ ပြောကြားခဲ့ပါတယ်။
Source/Photo - Reuters