Home
မြန်မာသတင်း
မုံရွာမြို့နယ်၊ ကြာပိုင်ရွာကို စစ်သားနှင့် ပျူစောထီးများမီးရှို့ပြီး ရွာသား ၁၀ ဦးကို သတ်ဖြတ်သွား
DVB
·
December 3, 2023
Kyar 3122023

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ကြာပိုင်ကျေးရွာကို စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေ ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့ပြီး ရွာသား ၁၀ ယောက်ကိုလည်း သတ်ဖြတ် မီးရှို့ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒီဇင်ဘာ ၂ ရက်နေ့ မနက်ပိုင်းက မြေနဲကျေးရွာ၊ စွမ်းရည်ထက်ဆီဆိုင်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားအယောက် ၃၀ လောက်နဲ့ တောပုကျေးရွာက ပျူစောထီး အယောက် ၃၀ လောက်ဟာ ကြာပိုင်ရွာကို ဝင်လာပြီး မနက် ၉ နာရီလောက်ကနေ ၁၂ နာရီလောက်အထိ ပြည်သူတွေရဲ့ နေအိမ်တွေကို မီးရှို့ခဲ့ကြတယ်လို့ ဆိုပါတယ်။

ကြာပိုင်ရွာသား ၁၀ ယောက်လည်း သတ်ဖြတ်မီးရှို့ခံခဲ့ရတာကိုတွေ့ရပြီး အလောင်းတွေဟာ ဘယ်သူဘယ်ဝါဆိုတာ ခွဲခြားလို့ မရဘူးလို့လည်း ဆိုပါတယ်။

ဒေသခံတယောက်က “ရွာထဲကလူ ၁၀ ယောက်ကိုတော့ မီးရှို့ပြီးသတ်သွားတယ်။ အိမ်ထဲကိုစုထည့်ပြီး တိုက်ပိတ်မီးရှို့သွားတာ။ သူတို့က ဘာမှ မလုပ်ပါဘူးဗျာ။ ဒီတိုင်းပဲ အကြောင်းမဲ့ သတ်သွားကြတာ။ ဘယ်သူဘယ်ဝါမှန်းတောင်မသိရတော့ပါဘူး။ ပြာကျနေပြီ အရိုးတွေပဲကျန်တော့တယ်။ ပျောက်ဆုံးလူတွေကိုဆက်သွယ်မရတော့မှပဲ သေဆုံးတယ်လို့ ယူဆရတော့မယ်” လို့ ပြောပါတယ်။

စစ်သားနဲ့ ပျူစောထီးတွေဝင်လာပေမဲ့ လာနေကျဖြစ်လို့ ရွာသားတွေက ထွက်မပြေးကြတာလို့လည်း ဒေသခံတယောက်က ပြောပါတယ်။

“အရင်ကလည်း လာနေကျလေ။ တရက်တခါလောက်ဝင်နေကျ။ ပျူတွေနဲ့ ခင်တယ်။ သိကြတယ်။ အရင်လိုပဲ ဘာမှမလုပ်ဘူးထင်ပြီးနေကြတာ” လို့ ပြောပါတယ်။

စစ်သားနဲ့ ပျူစောထီးတွေပြန်သွားမှ ရွာသားတွေဟာ မီးငြှိမ်းဖို့ ရွာထဲကို ဝင်ကြရပြီး အိမ်ခြေ ၁၅၀ လောက် လောင်မယ်လို့ ခန့်မှန်းရကြောင်းလည်း ဆိုပါတယ်။

နောက်ဆုံးစုံစမ်းသိရသလောက် သေဆုံးသူ ၁၀ ယောက်ထဲမှာ အသက် ၃၇ နှစ်အရွယ် ဆွံ့အ နားမကြားသူတယောက်လည်း ပါပြီး အသက် ၂၀ ကနေ ၅၃ နှစ်အရွယ်ရှိကြတဲ့ ပြည်သူတွေဖြစ်ပါတယ်။

အိမ်ခြေ ၅၀၀ ကျော်ရှိတဲ့ ကြာပိုင်ကျေးရွာဟာ တောပုပျူစောထီးရွာရဲ့ မြောက်ဘက်ကပ်လျက်မှာရှိပြီး အရင်ကလည်း မကြာခဏဆိုသလို အနိုင်ကျင့်ဗိုလ်ကျ​​တတ်ပြီး ကျေးရွာအတွင်းက ပြည်သူပိုင်ပစ္စည်းတွေကိုလည်း ရွာသားတွေပဲ အတင်းအဓမ္မထမ်းခိုင်းပြီး တောပုရွာကို လိုက်ပို့ခိုင်းတတ်တယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024