ရခိုင်ပြည်၊ မောင်တော-ငါးခူရသွားလမ်းပေါ် လောင်းဒုံကျေးရွာက လယ်သမား တယောက်ဟာ ဒီဇင်ဘာ ၁ ရက် ညပိုင်းက တောဆင်ရိုင်းနင်းခံရပြီး သေဆုံးသွားခဲ့တယ်လို့ ကျေးရွာ အုပ်ချုပ်ရေးမှူးဆီက သိရပါတယ်။
အုပ်ချုပ်ရေးမှူးက “သူက မနေ့က ညမှာ လယ်တဲစောင့်နေတုန်း ဆင်နင်းခံခဲ့ရတာဗျ။ ရွာနဲ့နီးတော့ ရွာသားတွေကို အော်ပြီး အကူအညီတောင်းတယ်။ ရွာသားတွေလိုက်သွားပြီး သူ့ကို ကြိမ်ချောင်းဆေးရုံကို အရေးပေါ် ပို့နိုင်ခဲ့ကြတယ်။ ဒဏ်ရာပြင်းထန်တော့ ည ၂ နာရီ လောက်မှာ သေဆုံးသွားခဲ့ရတယ်” လို့ ပြောပါတယ်။
သေဆုံးသွားသူဟာ အသက် ၄၀ အရွယ် ဦးဝင်းဇော်ဖြစ်ပြီး လယ်ကွင်းတလင်းပြင်မှာ စပါးတွေစောင့်ပြီးအိပ်နေတုန်း ဆင်နင်းခံခဲ့ရတာပါ။
ဒေသခံတယောက်က “ဒီဆင်ရိုင်းက မောင်တောနဲ့ ဘူးသီးတောင်နယ်မှာ လူသတ်တာ အတော်များသွားပါပြီ။ သစ်တောကလည်း ဥပဒေအရ ဆင်ကို မသတ်ရလို့ပြောတယ်။ အဲဒီ တောဆင်ရိုင်းက ရှေ့ညာဘက်ခြေတချောင်အသွင်(မသန်စွမ်း)ပါ။ အဖော်ကွဲပြီး တကောင်တည်းနေတာ ကြာပါပြီ” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်နဲ့ ၂၀၂၁ ခုနှစ်ကလည်း မောင်တောမြို့နယ်တောင်ပိုင်း အထက်ကံသာယာကျေးရွာ၊ ဗောဓိကုန်းကျေးရွာ၊ ကျောက်ချောင်းကျေးရွာနဲ့ ငန်းချောင်ကျေးရွာက ဒေသခံ ၄ ယောက်ဟာ ဆင်နင်းခံရလို့ သေဆုံးခဲ့ပြီး ၂ ယောက်က ဒဏ်ရာရခဲ့ပါတယ်။
၂၀၂၂ ခုနှစ်မှာလည်း ဖေဖော်ဝါရီ ၂၇ ရက်မှာ မောင်တောမြို့၊ ရွှေတောင်ကျေးရွာက ဒေသခံ ၁ ဦး၊ ဒီဇင်ဘာ ၂၀ ရက်နေ့က ဘူးသီးတောင်မြို့နယ်၊ င/ကျည်တောက်ကျေးရွာနားမှာ အမည်မသိ မွတ်ဆလင်၂ ဦးနဲ့ ဒီဇင်ဘာ ၃၀ ရက်နေ့မှာ ဘူးသီးတောင်မြို့နယ်၊ ကျောင်းတော်ကြပ်ပြင်ချေကျေးရွာက အသက် ၅၀ ကျော် လူကြီးတယောက် ဆင်းနင်းခံရလို့ ဒဏ်ရာ အပြင်းအထန်ရခဲ့ပါတယ်။
ဒီဇင်ဘာ ၃၁ ရက်နေ့မှာတော့ ဘူးသီးတောင်မြို့နယ် ဝါချိလ့်မြောက်ကျေးရွာက အသက် ၁၈ နှစ်အရွယ် လူငယ် ၁ ယောက် တောဆင်ရိုင်းနင်းခံရပြီး သေဆုံးသွားခဲ့ရပါတယ်။
မောင်တောမြို့နယ်နဲ့ ဘူးသီးတောင်မြို့နယ်မှာ တောဆင်ရိုင်းအန္တရာယ် ပိုကြုံလာနေရပြီး ၂၀၂၀ ခုနှစ်ကနေ ၂၀၂၃ အထိ ဆင်နင်းခံရလို့ သေဆုံးသူ ၉ ဦး၊ ဒဏ်ရာရရှိသူ ၅ ဦး ရှိတယ်လို့ သစ်တောဌာနရဲ့ မှတ်တမ်းတွေအရ သိရှိရပါတယ်။