Home
မြန်မာသတင်း
အရှုံးပေါ်ပြီး ဧရာဝတီတိုင်းက ဟိုတယ်ထက်ဝက်ကျော်ပိတ်ထားရ
DVB
·
December 3, 2023
hotel 3122023

ဧရာဝတီတိုင်းက ဟိုတယ်တွေမှာ လက်ရှိနိုင်ငံရေးအခြေအနေနဲ့ စစ်ကောင်စီရဲ့ တင်းကျပ်မှုတွေကြောင့် လာရောက်တည်းခိုသူ မရှိသလောက်နည်းသွားပြီး ဟိုတယ်ထက်ဝက်ကျော် ရပ်နားထားရတယ်လို့ ဟိုတယ်လုပ်ငန်းရှင်တွေဆီကနေ သိရပါတယ်။

ဟိုတယ်လုပ်ငန်းတွေဟာ ကိုဗစ်ကန့်သတ်မှုတွေနဲ့အတူ စစ်တပ်က အာဏာ သိမ်းတာကြောင့် လာရောက်တည်းခိုသူ မရှိသလောက် နည်းပါးလာတာ၊ စစ်ကောင်စီတပ်နဲ့ ရဲတွေက တင်းတင်းကျပ်ကျပ် စစ်ဆေးနေတာ၊ ဟိုတယ်လုပ်ငန်း တွေမှာ တင်းကျပ်ထားတဲ့ စည်းကမ်းချက်တွေကြောင့် ဧည့်သည်ဝင်ရောက်တာ နည်းပါးလာတဲ့အတွက် အရှုံးနဲ့ ရင်ဆိုင်နေရတာလို့ သိရပါတယ်။

ဟိုတယ်လုပ်ငန်းရှင်တယောက်က “ဟိုတယ်လုပ်ငန်း ၅၅ ရာခိုင်နှုန်းထက်မနည်း ရပ်နားထားရတယ်။ ၄၅ ရာခိုင်နှုန်းလောက် လည်ပတ်နေတယ်ပေါ့။ စစ်တပ်အာဏာ သိမ်းမှု ဖြစ်ပြီးနောက် ပြည်ပဧည့်သည် ဝင်ရောက်မှု မရှိတော့တဲ့အတွက် ပြည်တွင်း ခရီးသွား ဧည့်သည်တွေပဲ အဓိက မှီခိုအားထားနေရတာ။ လက်ရှိလာနေတဲ့ ပြည်တွင်းက ဧည့်သည်ကလည်း မဖြစ်မနေနဲ့ ဧရာဝတီတိုင်းဘက်ကို လာရမယ်ဆိုတာ လောက်ပဲ ရှိတော့တယ်။ ဟိုတယ်လုပ်ငန်းတွေကို မရပ်ပစ်ချင်လို့ တတ်နိုင် သရွေ့ ကြိုးစား လုပ်ကိုင်နေတယ်။ ဆက်တိုက် အရှုံးပေါ်နေတာကြောင့် နားရတော့မယ်။ အာဏာသိမ်းတဲ့ဖြစ်စဉ်နဲ့ တင်းကျပ်ထားတဲ့ စည်းကမ်းချက်တွေကြောင့် အဓိကပါတယ်” လို့ ပြောပါတယ်။

ဒါ့အပြင် လျှပ်စစ်မီးမမှန်တဲ့အတွက် စက်သုံးဆီကို အဓိကအသုံးပြု လည်ပတ်နေရတာ၊ အထွေထွေကုန်စရိတ် အဆမတန် မြင့်တက်လာတာကြောင့် လည်ပတ်လက်စ လုပ်ငန်းတွေ ဆက်လက်လည်ပတ်ဖို့ ပိုပြီး အခက်ကြုံနေရတယ်လို့ သိရပါတယ်။

ချောင်းသာကမ်းခြေက ဟိုတယ်လုပ်ငန်းရှင်တယောက်က “မိသားစု အပန်းဖြေတယ် ဆိုတဲ့ ခရီးသည်က မရှိသလောက်ကို ဖြစ်နေတယ်။ အခု လာတည်းတဲ့ ခရီးသွား ဧည့်သည်တွေအများစုက အလုပ်ရှိတဲ့ လူတွေလောက်ပဲ သွားကြလာကြ တော့တာ။ အလုပ်အတွက် မဖြစ်မနေသွားရမယ့် ခရီးသည်တွေလောက်ပဲ သွားကြတော့တယ်။ ဟိုတယ်လုပ်ငန်းတွေမှာ အကြီးမားဆုံး ပြဿနာက မီးမှန်မှန် မရတာပဲ။ မီးမှန်မှန် မရတဲ့ အတွက်ကြောင့် စက်သုံးဆီတွေနဲ့ အချိန် တော်တော်များများကို လည်ပတ်ရတယ်။ ဒီလို လည်ပတ်ရတဲ့အခါ စက်သုံးဆီဈေးနှုန်း မြင့်တဲ့အတွက် ကိုယ့်ရတဲ့ဝင်ငွေနဲ့က လုံးဝ မကိုက်ဘူး။ ကိုယ့်အတွက်မကျန်ဘူး။ အဲဒီလိုမျိုး ဖြစ်နေတယ်။ ကြိုးစားပမ်းစား လည်ပတ်နေပေမယ့် ပိုပြီးအခက်ကြုံလာတယ်” လို့ ပြောပါတယ်။

ဟိုတယ်လုပ်ငန်းတွေ အပြည့်အဝ မလည်ပတ်နိုင်တော့တဲ့အတွက် ကျွမ်းကျင် ဝန်ထမ်းတွေလျှော့ချထားရသလို တချို့ဝန်ထမ်းတွေကိုတော့ လစာလျှော့ချတာနဲ့ ထုတ်ပယ်တာတွေ လုပ်လာကြရတယ်လို့လည်း ဆိုပါတယ်။

ဧရာဝတီတိုင်းက ဟိုတယ်၊ မိုတယ်နဲ့ တည်ခိုခန်းတွေရပ်နားလာတာကြောင့် ဝန်ထမ်းလျှော့ချလာတာ၊ လစာလျှော့ချလာတာ၊ အလှည့်ကျစနစ်နဲ့ ခေါ်ယူ လုပ်ကိုင် လာရတဲ့အတွက် အဲဒီလုပ်ငန်းတွေအပေါ် မှီခိုရပ်တည်နေရတဲ့ မိသားစု ထောင်နဲ့ချီပြီး အလုပ်လက်မဲ့ ပြဿနာကို ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။

ဟိုတယ်ဝန်ထမ်းတယောက်က “အာဏာမသိမ်းခင်နှစ်က နိုဝင်ဘာလမှာ ဧည့်သည် မနည်းရှိတယ်။ ဒီနှစ်တော့ နိုဝင်ဘာလကုန်နေပြီ၊ ဧည့်သည်က မရှိသလောက် ဖြစ်နေတယ်။ အဲဒီလိုဖြစ်လာတော့ ဝန်ထမ်းတွေလျှော့ချလိုက်တယ်။ အခက်အခဲကတော့ အလုပ်ရှိတဲ့အချိန်မှာတောင် ကုန်ဈေးနှုန်းတွေကြောင့် ခက်ခဲနေတာ။ အလုပ်သာမလုပ် ရရင် ပိုကျပ်တည်းခက်ခဲလာဖို့ပဲရှိတယ်” လို့ ပြောပါတယ်။

ငွေဆောင်ကမ်းခြေနဲ့ ချောင်းသာကမ်းခြေဟာ မြန်မာနိုင်ငံမှာ ပြည်တွင်းပြည်ပခရီးသွား လာရောက်လည်ပတ်တာများတဲ့ ကမ်းခြေတွေဖြစ်ပြီး ချောင်းသာကမ်းမှာ ဟိုတယ် ၃၉ လုံးနဲ့ တည်ခိုခန်း ၅၉ လုံး၊ ငွေဆောင်ကမ်းခြေမှာ ဟိုတယ် ၃၃ လုံးနဲ့ တည်းခိုခန်း ၄၆ လုံး ရှိပြီး တခြားမြိုတွေမှာလည်း ဟိုတယ်လုပ်ငန်းတွေ ရှိတယ်လို့လည်း သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024