ဖိလစ်ပိုင်နိုင်ငံမှာ ဒေသစံတော်ချိန် စနေနေ့ ည ၁၀ နာရီ ၃၇ မိနစ်က အင်အား ရစ်ချတ်တာ စကေး ၇ ဒသမ ၆ ရှိတဲ့ အင်အားပြင်း ငလျင်တရပ် လှုပ်ခဲ့တဲ့အတွက် ဆူနာမီသတိပေးချက်ကို ဖိလစ်ပိုင် မီးတောင်ဗေဒနဲ့ ငလျင်လေ့လာရေးအဖွဲ့ (PHIVOLCS) က စနေညနှောင်းပိုင်းက ထုတ်ပြန်ခဲ့ပါတယ်။
ဒါပေမယ့် ဒေသစံတော်ချိန် တနင်္ဂနွေနေ့ မနက်အစော ပိုင်းမှာ ဆူနာမီခြိမ်းခြောက်မှု မရှိတော့ဘဲ ကျော်လွန်သွားပြီလို့ အမေရိကန် အမျိုးသား သမုဒ္ဒရာနဲ့ လေထု စီမံခန့်ခွဲရေး ဌာန NOAA ရဲ့ ပစိဖိတ်ဆူနာမီသတိပေးဌာနက သတင်းထုတ်ပြန်ခဲ့ပါတယ်။
PHIVOLCS ကတော့ ဖိလစ်ပိုင်တောင်ပိုင်း ဆူရိဂေါင်းဒယ်ဆူးနဲ့ ဒါဗာအို အိုရီယန်တယ် ပြည်နယ် တွေမှာ နေထိုင်သူတွေ ကုန်းတွင်းပိုင်းဆီ ချက်ချင်း ရွှေ့ပြောင်းဖို့ အကြံပြုထားပြီး သူ့ ဝဘ်ဆိုက်မှာလည်း ဆူနာမီ သတိပေး ချက်တွေကို ဖော်ပြထားပါတယ်။
ငလျင်ဗဟိုချက်ကနေ မိုင် ၆၂၀ အကွာအဝေးအထိ ငလျင်ကြောင့်ဖြစ်တဲ့ အန္တရာယ်ရှိတဲ့ ဆူနာမီလှိုင်းတွေ ဖြစ်နိုင်တယ်လို့လည်း PTWC က ပြောခဲ့ပါတယ်။
ဆူနာမီ အန္တရာယ် ခြိမ်းခြောက် ခံရတဲ့ ဒေသတွေထဲမှာ ဖိလစ်ပိုင်အလယ်ပိုင်း၊ မြောက်ပိုင်း၊ တောင် ပိုင်း၊ အင်ဒိုနီးရှားနဲ့ မလေးရှားတို့ အထိ ပါခဲ့တာပါ။
ဂျပန်နိုင်ငံမှာလည်း အမြင့် ၄၀ စင်တီမီတာထိ မြင့်တဲ့ ရေလှိုင်းတွေ တက်ခဲ့တယ်လို့ အယ်လ်ဂျာဇီးယား သတင်းဌာနက ဖော်ပြပါတယ်။
ဖိလစ်ပိုင်ရဲ့ အစိတ်အပိုင်း အများအပြားမှာ လှိုင်းအမြင့် ၃ ပေကနေ ၉ ပေအထိ နဲ့ ပူလောင်ဒေသမှာ ၁ ပေကနေ ၃ ပေအထိ ရှိနိုင်တယ်လို့ အာဏာပိုင်တွေက အစောပိုင်းမှာ ခန့်မှန်း စိုးရိမ်နေခဲ့တာပါ။
ယခုအချိန်အထိ ငလျင်နဲ့ ဆူနာမီကြောင့် ထိခိုက်ပျက်စီးမှု တစုံတရာကို သတင်း မထုတ် ပြန်သေးပါဘူး။
ကမ္ဘာ့ ကျောက်လွှာချပ်ကြီးတွေဆုံရာ ပစိဖိတ် မီးကွင်းကြီးလို့ ခေါ်တဲ့ ဒေသမှာ ဖိလစ်ပိုင် နိုင်ငံက တည်ရှိနေတာမို့ မီးတောင်နဲ့ ငလျင်တွေထူပြောတဲ့ ဖိလစ်ပိုင်မှာ ငလျင်လှုပ်တာက ဖြစ်နေကျပါ။
Source/Photo - Reuters