ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ ရေဇွာမြို့သိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် စာသင်ကျောင်းနဲ့ ဆေးရုံအပါအဝင် အဆောက်အအုံ ၆၀ ကျော် ပျက်စီးခဲ့တယ်လို့ ဇိုတုန်ဖက်ဒရယ် ကောင်စီဆီက သိရပါတယ်။
တိုက်ပွဲတွေပြင်းထန်တဲ့ နိုဝင်ဘာ ၂၈ ရက်နေ့နဲ့ ၂၉ ရက်နေ့မှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှု အကြိမ် ၂၀ လောက် ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
တိုက်ခိုက်ခံရမှုကြောင့် လူနေအိမ် အလုံး ၃၀ ကျော်၊ ဘုရားကျောင်း၊ စာသင်ကျောင်း၊ ဆေးရုံနဲ့ ဘဏ်အပါအဝင် အဆောက်အအုံပေါင်း ၆၀ ကျော် ပျက်စီးခဲ့တာဖြစ်ပါတယ်။
ဇိုတုန်ဖက်ဒရယ်ကောင်စီ တာဝန်ရှိသူတယောက်က “အခု လုံးလုံး ပျက်စီးသွားတဲ့ အိမ်တွေ ပြန်လည်တည်ဆောက်ရေးမှာ အခက်အခဲတော်တော်ရှိပါတယ်။ အကူအညီလည်း အများကြီးလိုအပ်နေပါတယ်။ အိမ်တွေ အမြန်ဆုံးမဆောက်ခင်မှာ လုံခြုံတဲ့နေရာ၊ နေလို့ရတဲ့ နေရာ တနေရာရာ စီစဉ်ပြီးတော့မှ ဇိုတုန်ဖက်ဒရယ်ကောင်စီ ပြန်လည်နေရာချထားရေးဌာနကနေ စီစဉ်ပေးဖို့တော့ရှိတယ်” လို့ ပြောပါတယ်။
ရေဇွာမြို့သိမ်းတိုက်ပွဲ မဆင်နွှဲခင်ကတည်းက မြို့ခံပြည်သူ ၃,၀၀၀ ကျော်ကို ဘေးလွတ်ရာ ပြောင်းရွှေ့ခိုင်းထားတာဖြစ်ပြီး အခု မြို့သိမ်းပြီးတဲ့အခါ မြို့တွင်းရှင်းလင်းရေးလုပ်ငန်း ဆောင်ရွက်ပြီးမှ စစ်ဘေးရှောင်တွေ နေရပ်ပြန်လည် နေထိုင်နိုင်ရေး စီစဉ်ပေးသွားမယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
မတူပီမြို့နယ်၊ ရေဇွာမြို့ကို နိုဝင်ဘာ ၂၉ ရက်နေ့ မနက် ၁၀ နာရီမှာ ဒေသခံ ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။
ရေဇွာမြို့သိမ်းတိုက်ပွဲမှာ လက်နက်ခဲယမ်းအမြောက်အများနဲ့ စစ်သုံ့ပန်းအဖြစ် စစ်ကောင်စီတပ်သားတွေနဲ့ ၁၀ နှစ်အောက် ကလေး ၃ ယောက်၊ မိခင် ၂ ယောက် အပါအဝင် ၃၉ ယောက်ကို ဖမ်းဆီးရမိခဲ့တယ်လို့ CDF-Zotung တာဝန်ရှိသူတွေဆီက သိရပါတယ်။