ဒီကနေ့အချိန် မြန်မာနိုင်ငံမှာ ပြည်သူလူထုအပေါ် သစ္စာဖောက်ဖျက်ပြီး အာဏာရှင်ကို အလုပ်အကျွေးပြုခဲ့တဲ့ တပ်မတော်အမည်ခံ စတန်းဒတ်အာမီလို့ ကြွားဝါခဲ့ဖူးပြီး ကမ္ဘာ့အဆင့် ၃၈ လို့ဆိုတဲ့ မြန်မာစစ်တပ်ဟာ ကျောက်တောင်အိုကြီး ပြိုကျလာသလို တဝေါဝေါအသံပေးပြီး ပြိုဆင်းကျလာနေချိန် ဖြစ်ပါတယ်။
တောင်တလုံး ပြိုကျလာပြီဆိုရင် တောင်ပေါ်နဲ့ တောင်အောက်မှာရှိတဲ့ မှီခိုနေထိုင် စားသောက်နေရတဲ့ လူသူတိရစ္ဆာန် အားလုံးဟာ လွတ်ရာကို ရှောင်ရှားနိုင်မှ အသက်ဘေးက လွတ်မြောက်နိုင်မှာ ဖြစ်ပါတယ်။ ပြိုဆင်းလာတဲ့ ကျောက်တောင်ကြီးကို လက်နဲ့တားဆီးလို့ မရစကောင်းပါဘူး။ ဒီကနေ့ စစ်ဓားပြဂိုဏ်း တအုပ်လုံးဟာ ပြိုလာတဲ့ ကျောက်တောင်ကြီးကို လက်နဲ့တားဖို့ ကြိုးစားနေကြတဲ့ ဗာလာနံလူမိုက် လူအန္ဓများနဲ့ တူလှပါတယ်။
လက်နက်အားကိုးအုပ်ချုပ်တဲ့ စစ်အာဏာရှင်စနစ်ဆိုတဲ့ ကျောက်တောင်အိုကြီးကို တိုင်းရင်းသား ရဟန်းရှင်လူထုတရပ်လုံး၊ လူတန်းစားပေါင်းစုံ၊ မျိုးဆက်ပေါင်းစုံက လက်မခံဘဲ ဝိုင်းဝန်း စုပေါင်းဆန့်ကျင်မှုကြောင့် စစ်ဗိုလ်စစ်သားတွေ စစ်တိုက်လိုစိတ်မရှိဘဲ စိတ်ဓာတ်ယိမ်းယိုင်ပျက်ပြားလို့ ပြိုဆင်းလာရတာကို လက်ရှိဖြစ်ပွားဆဲ ရှမ်းမြောက်တိုက်ပွဲတွေမှာ စစ်ရှုံးရတာ ပြည်ပဒရုန်းပညာရှင် အပါအဝင် အင်အား ၆၅၀၀ ခန့်၊ စစ်သုံးဒရုန်းဗုံး ၂၅,၀၀၀ ကျော် အသုံးပြု သာလွန်အင်အားနဲ့ တိုက်ခိုက်ခံနရလို့ စစ်တပ်စခန်းတွေ စွန့်ခွာပေးရတယ်လို့ သတင်းအမှန်တွေ ဖုံးကွယ်လို့ ဆက်လက်လိမ်ညာရင်း တောင်ပြိုတာကို လက်နဲ့ကာ တာဆီးနေဆဲ ဖြစ်ပါတယ်။
အခုဆို မြန်မာနိုင်ငံ အနှံ့အပြားမှာ အာဏာရှင် ခါးပိုက်ဆောင် စစ်တပ်ရဲ့ တပ်ရင်းအလိုက် ရှုံးနိမ့် အညံ့ခံ လက်နက်ချလာကြရတာ ၁၀ တပ်ရင်း (ရဲတပ်ရင်းတွေမပါ) ရှိခဲ့ပါပြီ။ လက်နက်ချ အညံ့ခံခဲ့ရတဲ့ ဖက်ဆစ်တပ်ရင်းတွေကတော့ ခလရ ၁၄၃၊ ခမရ ၃၃၉၊ ခမရ ၃၅၁၊ ခမရ ၃၅၈၊ ခမရ ၄၃၀၊ ခလရ ၈၁၊ ခလရ ၁၂၅၊ ခမရ ၄၂၅၊ ခမရ ၆၊ ခလရ ၁၂၉ တို့ ဖြစ်ကြပါတယ်။
ပထမဆုံးအနေနဲ့ ကယားပြည်နယ်မှာ ဇွန်လ ၁၃ ရက်နေ့ကတည်းက ဖြစ်နေတဲ့ မယ်စဲ့မြို့ ရက်ရှည်တိုက်ပွဲမှာ စစ်ကောင်စီတပ်လက်အောက်ခံ နယ်ခြားစောင့်တပ် BGF အသွင်ပြောင်းထားတဲ့ ကရင်နီလူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ) တပ်ဖွဲ့နဲ့ စစ်ဓားပြတပ်တို့ တိုက်ခိုက်ကြရာမှာ ကယားပြည်နယ် မယ်စဲ့မြို့အခြေစိုက် ခမရ ၄၃၀ တပ်ရင်းက တပ်ရင်းမှူး၊ ဒုတပ်ရင်းမှူးတွေ အပါအဝင် တပ်ရင်းတခုလုံး ဇွန်လ ၂၅ ရက်နေ့က လက်နက်ချခဲ့ကြပါတယ်။
ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်း အောက်တိုဘာ ၁၅ ရက်နေ့ ညနေ ၃ နာရီ ကနေ ၆ နာရီအထိ တကြိမ်၊ အောက်တိုဘာ ၁၆ ရက် နံနက် ၆ နာရီကနေ နေ့လယ် ၁၂ နာရီထိ တကြိမ်၊ စစ်ဓားပြတပ်နဲ့ KNLA၊ နဂါးနီစစ်ကြောင်း ပူးပေါင်းတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲ ၂ ကြိမ် ဖြစ်ပွားခဲ့ရာမှာ ဘုတ်ပြင်းအခြေစိုက် စကခ ၁၃ လက်အောက်ခံ ခမရ ၃၅၈ တပ်ရင်းက ၆ ယောက် သေဆုံးပြီး ၂၃ ယောက် ထွက်ပြေးကာ ဗိုလ်မှူးတယောက်၊ ဗိုလ်ကြီး ၂ ယောက်၊ အရာခံဗိုလ်တယောက် အပါအဝင် ၁၆ ယောက် လက်နက်ချ အဖမ်းခံခဲ့ကြပါတယ်။
အောက်တိုဘာလ ၂၅ ရက်နေ့ ညပိုင်းတုန်းကလည်း ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ကျိုက်ဒုံမြို့နယ်ခွဲ၊ စစ်ကောင်စီတပ် ခမရ ၃၃၉ ရဲ့ ကွီလုံးတိုင်စခန်းကို KNLA ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်ရာမှာ စစ်သား ၁၇ ဦး လက်နက်ချ အညံ့ခံခဲ့ကြပြီး RPG များ၊ စက်လက်များ အပါအဝင် လက်နက် ၄၃ လက်နဲ့ ခဲယမ်းများစွာ ရရှိခဲ့ပါတယ်။
အောက်တိုဘာ ၃၀ ရက်နေ့မှာလည်း ရှမ်းပြည်နယ်မြောက်ပိုင်း ကွမ်းလုံမြို့နယ် ကံမိုင်းဒေသမှာ အင်အား ၄၁ ယောက် ပါဝင်တဲ့ ခလရ ၁၄၃ တပ်ရင်းတရင်းလုံး မြောက်ပိုင်းညီနောင် သုံးဖွဲ့ဆီမှာ လက်နက်ချခဲ့ကြပါတယ်။
ပြီးတော့ မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွကျေးရွာ၊ ဖက်ထေးကုန်းကျေးရွာ အနီးတို့မှာ နိုဝင်ဘာ ၁၀ ရက်နေ့မှ ၁၅ ရက်နေ့အထိ တိုက်ပွဲတွေမှာ စစ်ကောင်စီတပ် ခလရ ၈၁ က ဗိုလ်မှူးတဦး၊ ဒုဗိုလ်တဦး အပါအဝင် ၂၂ ဦးသေဆုံးကာ ၂၈ ဦး လက်နက်ချ အညံ့ခံခဲ့ကြရပြန်ပါတယ်။
နိုဝင်ဘာလ ၁၂ ရက်နေ့၊ ည ၈ နာရီ ၃၀ မိနစ်အချိန်မှာလည်း ကိုးကန့် အထူး ၁၊ ရှီးရှမ်းဒေသ၊ မန်လော်ရွာအုပ်စု၊ ရန်ခွမ့်ရွာမှာ အခြေချတပ်ရင်းတခုဖြစ်တဲ့ ဒကစ (လောက်ကိုင်) လက်အောက်ခံ တပ်ရင်း ခလရ ၁၂၉ မှ တပ်ရင်းမှူး ဗိုလ်မှူး ကျော်ရဲအောင် ဦးဆောင်တဲ့ တပ်ရင်းတရင်းလုံးနဲ့ တပ်မိသားစုဝင်တွေ အားလုံးကို ခေါ်ဆောင်ကာ မိမိတို့ ညီနောင်မဟာမိတ် ၃ ဖွဲထံ ဆက်သွယ်ပြီး ပြည်သူ့ရင်ခွင်အတွင်း ဝင်ရောက်လာခဲ့ကြပါတယ်။
နိုဝင်ဘာ ၁၃ ရက်နေ့မှာ ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ရိခေါဒါရ် မြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က တပ်ရင်းမှူး အပါအဝင် ခုနှစ်ယောက်က ဒေသကာကွယ်ရေး တပ်ဖွဲ့ဝင်တွေဆီမှာ လက်နက်ချ အဖမ်းခံခဲ့ကြတယ်လို့ ချင်းအမျိုးသားတပ်ဦး (CNF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောခဲ့ပါတယ်။
နိုဝင်ဘာ ၁၃ ရက် မနက်ပိုင်းမှာ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ အပေါက်ဝနယ်မြေရဲစခန်းက ရဲတပ်ဖွဲ့ဝင်တွေအားလုံး လက်နက်မချရင် တိုက်ခိုက်မယ်လို့ အေအေက သတိပေးပြီးတဲ့နောက် အဲဒီရဲစခန်းမှာရှိတဲ့ ရဲတပ်ဖွဲ့ဝင် ၂၆ ယောက်လုံးဟာ ရက္ခိုင့်တပ်တော် (အေအေ) ထံမှာ လက်နက်ချ အလင်းဝင်ရောက်ခဲ့ကြပါတယ်။
နိုဝင်ဘာလ ၁၄ ရက်နေ့မှာ လွိုင်ကော်တက္ကသိုလ်ဝန်းထဲ ထိတွေ့တိုက်ပွဲအတွင်း ခမရ ၄၂၅ တပ်ရင်းနဲ့ ခမရ ၆ နဲ့ နှစ်ရင်းပေါင်း တပ်ရင်းမှူးတွေကော ဒုတပ်ရင်းမှူးတွေကော ကျသွားပြီး စစ်ကူတောင်းပေမဲ့ တပ်ကူက ညနေ ၃ နာရီအထိ ပေါ်မလာတာမို့ တပ်ခွဲမှူး ဗိုလ်ကြီးကောင်းမြတ်ကို ဦးစီးတဲ့ စစ်ကောင်စီတပ်သား ၃၂ ဦးက ကရင်နီတော်လှန်ရေး တပ်ပေါင်းစုထံ လက်နက်ချ အညံ့ခံခဲ့ကြပါတယ်။
နိုဝင်ဘာလ ၁၇ ရက်နေ့ နံနက် ၅ နာရီ ၃၀ မိနစ်အချိန် KNU အုပ်ချုပ်နယ်မြေ၊ ရွှေကျင်မြို့နယ်အတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) လက်အောက်ခံ ပူးပေါင်းတပ်ဖွဲ့များက စစ်ကောင်စီလက်အောက်ခံ ခမရ-၃၅၁ တပ်ရင်းရဲ့ တောင်ခြေစခန်းကို ၁၀ မိနစ်အတွင်း တိုက်ခိုက် သိမ်းပိုက် ရရှိခဲ့ကြပါတယ်။
အခုနောက်ဆုံး နိုဝင်ဘာ ၂၈ ရက်နေ့တုန်းက ရှမ်းပြည်မြောက်ပိုင်း၊ မုံးကိုးမြို့နဲ့ လောက်ကိုင်မြို့ကြားက ကုန်းကြမ်းမြို့ အနီးဝန်းကျင်မှာ MNDAA ဘက်က စစ်ဆင်ရေး ဖော်ဆောင်နေချိန် စခန်းကုန်းပေါ်ကနေ အလံဖြူထောင်ပြီး ကုန်းကြမ်းမြို့အခြေစိုက် အမှတ် ၁၂၅ ခြေလျင်တပ်ရင်းတရင်းလုံးက တပ်ဖွဲ့ဝင် ၉၃ ဦး၊ စကခ ၁၆ မှ တပ်ဖွဲ့ဝင် ၃၆ ဦး၊ စကခ ၁၂ မှ တပ်ဖွဲ့ဝင် ၁၄ ဦး၊ စစ်မိသားစုဝင် ၈၆ ဦး၊ စစ်ဆင်ရေးအကြံပေးသူ ၅ ဦး၊ ပြည်သူ့စစ်အဖွဲ့ဝင် ၂၇ ဦး (ဗမာလူမျိုး) နဲ့ ရဲတပ်ဖွဲ့ဝင် ၁၁ ဦး စုစုပေါင်း ၂၇၂ ဦးဟာ ကိုးကန့်တပ်ဖွဲ့ MNDAA ထံ လက်နက်ချ အလင်းဝင်ရောက်ခဲ့ကြပါတယ်။
နိုဝင်ဘာ ၂၉ ရက် မနက် ၁၀နာရီမှာ ချင်းပြည်နယ်၊ မတူပီခရိုင်၊ ရေဇွာမြို့စစ်တပ်စခန်းကို ချင်းတော်လှန်ရေးပူးပေါင်းအဖွဲ့က တိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီတပ်သား ၃၀ကျော် ဖမ်းဆီးရမိပြီး လက်နက်အမြောက်အမြားသိမ်းဆည်းရခဲ့ကြောင်း ZZLMS က နိုဝင်ဘာ ၃၀ ရက် နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။
အဲ့ဒါတွေအပြင် ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း စတဲ့ အညာဒေသက နွေဦးတော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ရဲရင့်ပြောင်မြောက်တဲ့ မြို့သိမ်းတိုက်ပွဲတွေမှာ စစ်ဓားပြတပ်ဟာ ခွက်ခွက်လန်အောင် အရေးနိမ့်လို့ စစ်ရှုံးနေတာကို ပြည်တွင်းက ပြည်သူတွေရော တကမ္ဘာလုံးကပါ မြင်တွေ့နေကြရပါတယ်။
ဒီဆောင်းပါးကို နိဂုံးချုပ်ရရင် နောက်ဆုံးအချိန်ကို ရောက်ရှိလာတဲ့ မြန်မာနိုင်ငံက စစ်အာဏာရှင်စနစ်ဟာ ပြိုဆင်းလာတဲ့ ကျောက်တောင်အိုကြီးတခုပါပဲ။ ပြည်သူလူထုက လုံးလုံးလက်မခံတော့တာမို့ ပျက်စီးချိန်ရောက်လာတဲ့ မြန်မာစစ်အာဏာရှင်တအုပ်ကို ဘယ်သူမှ မကယ်တင်နိုင်တော့ပါဘူး။ သူတို့ရဲ့ မိတ်ဘက် တရုတ်နိုင်ငံ၊ ရုရှားနိုင်ငံတွေသာမက အသုရာနဲ့ သကြားမင်းလည်း မကယ်တင်နိုင်တော့ပါဘူး။
ဒီကနေ့ တပ်မတော်ဆိုတဲ့ ကျောက်တောင်အိုကြီး ပြိုကျလာနေတာ လက်နဲ့ကာ တားနေဆဲ ဗာလာနံ စစ်ဗိုလ်ချုပ်ကြီးတွေဟာ တောင်ပိပြီး နိဂုံးသတ်ကြရမှာ ဧကန်မလွဲပါဘူး။ ဒါကြောင့် စစ်အာဏာရှင် ကျောက်တောင်အိုပေါ် မှီခိုကပ်ရပ် စားသောက်နေထိုင်နေရတဲ့ စစ်ဗိုလ်စစ်သား ရဲမှူး ရဲတပ်သား၊ ကြံ့ဖွံ့ မဘသ ထွေအုပ် Non CDM ဝန်ထမ်းများ၊ ပျုစောထီး လူမိုက် လူအန္ဓတွေ အားလုံးဟာ မိမိဘဝ မဆုံးပါးရလေအောင် ကွဲအက်ပြိုကျလာတဲ့ ကျောက်တောင်အိုကြီးကို အချိန်မီစွန့်ခွာလို့ ပြည်သူလူထုထံ ဝန်ချတောင်းပန်ရင်း ဘက်ပြောင်းရမယ့် နောက်ဆုံးအချိန် ရောက်နေပါကြောင်း သတိပေးလိုက်ပါတယ်။
မင်းကောင်းချစ်
Photo Credit- The KoKang